တာမွေ လျှပ်စစ်မီတာရုံးကို တော်လှန်ရေးအဖွဲ့တွေ ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့

ဇွန်၊ ၁၃
 
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက်မှာရှိတဲ့ မြို့နယ် လျှပ်စစ်ရုံးကို ဇွန်လ ၁၃ ရက် ဒီကနေ့မနက်ပိုင်း ၁၂ နာရီ၊ ၁၅ မိနစ်လောက်မှာပဲ ပြင်းအားမြင့် ဗုံးနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force (FLA) နဲ့ Anonymous Fighters Force ( AFF ) အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
” တာမွေ လျှပ်စစ်ရုံးက စစ်တပ်လက်အောက်ခံလည်း ဖြစ်တယ်၊ ပြည်သူတွေကိုလည်း မီတာခတွေနဲ့ပတ်သက်ပြီး ခြိမ်းခြောက်တောင်းခံလာတာတွေ၊ မီတာရုံးဝန်ထမ်းတွေက ခြိမ်းခြောက်ပြောဆိုတာတွေ များလာလို့ လုပ်ခဲ့တာပါ ” လို့ Freeland Attack Force (FLA) အဖွဲ့ခေါင်းဆောင် ကိုနေမျိုးနွယ် က DNA ကို ပြောပါတယ်။
 
တိုက်ခိုက်တဲ့ ဗုံးနှစ်လုံးဟာ ပြင်းအားအတော်ရှိပြီး လတ်တလောမှာ တိုက်ခိုက်ခဲ့တဲ့နေရာအနားမှာ စစ်ကောင်စီလုံခြုံရေးတွေ ချထားတဲ့အတွက် ဒဏ်ရာရသေဆုံးတာနဲ့ ထိခိုက်ပျက်စီးတဲ့ အခြေအနေတွေကို မသိရသေးဘူးလို့လည်း ဆက်ပြောပါတယ်။
 
စစ်ကောင်စီထောက်တိုင် တာမွေမြို့နယ် လျှပ်စစ်ရုံးကို Freeland Attack Force (FLA)နဲ့ Anonymous Fighters Force (AFF) တို့က ဦးဆောင်ပြီး ပူးပေါင်းမဟာမိတ်အဖွဲ့ဖြစ်တဲ့ Emerald Girls Army (EGA) တို့မှ နှစ်ကြိမ်တိုင်တိုင် ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
“ ပထမတလုံး ကွဲပြီးကတည်းက ကင်းကားတွေ တက်သွားတာကြားတယ်။ ဒုတိယတလုံး ကွဲပြီးတော့ စခန်း ၄၀ က ခွေး တကောင်မှ ထွက်မလာတော့ဘူး။ ဒုတိယအလုံးက အိမ်တွေတောင် တုန်သွားတယ်ဆိုပြီးတော့ ဘောမ ချန်နယ်တွေကပါ တင်နေတယ် ” လို့လည်း ကိုနေမျိုးနွယ်က ဆိုပါတယ်။
 
ပြည်သူတွေအနေနဲ့ သပိတ်အဖွဲ့အစည်းတွေ မြို့ပြပျောက်ကြားအဖွဲ့တွေ အဆင်ပြေပြေ သွားလာလှုပ်ရှားနိုင်ဖို့ မလိုအပ်ရင် မိမိတို့အိမ်က CCTV တွေကို လမ်းပေါ် မထိုးထားဖို့နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
 
” ညကတော့ အိမ်တွေပါ တုန်တယ်။ တော်တော်လည်း ပြင်းတယ်။ မနက်ကျမှ မီတာရုံးမှန်းသိတာ။ အခုလက်ရှိကတော့ အစစ်ဆေးမရှိသေးဘူး။ မီတာရုံးနားမှာတော့ ရဲ လေး ငါးယောက်လောက် တွေ့ခဲ့တယ်။ ခါတိုင်းဆိုရင်တော့ မရှိဘူး။ စခန်း ၄၀ ဘက်မှာတော့ ဖောကား နှစ်စီး လောက် ရှိတယ်၊ အင်အားလည်း တိုးထားတယ်၊ မီးကတော့ မပြတ်ဘူး ပုံမှန်ပဲ သိပ်စစ်တာဆေးတာတော့ မတွေ့ရဘူး ” လို့ တာမွေမြို့နယ်နေထိုင်သူတဦးက ထပ်ပြောပါတယ်။
 
တာမွေမြို့နယ်မှာ လျှပ်စစ်ရုံးနဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေဟာ ပြည်သူတွေဆီက မီတာခ ကောက်ခံတဲ့အခါ မချေမငံပြောဆိုတာတွေ ဆက်ဆံတာတွေ ရှိနေပြီးတော့ အခုအကြိမ်နဲ့ဆို နှစ် ကြိမ်မြောက် ဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီကို အခွန်မပေးလိုတဲ့ ပြည်သူတွေဟာ လျှပ်စစ်မီတာခ မပေးဆောင်တာရှိလို့ စစ်ကောင်စီခန့် လျှပ်စစ်ဝန်ထမ်း နဲ့ ရဲတွေ ပူးပေါင်းပြီး မီတာခ မပေးဆောင်တဲ့ ရန်ကုန်မြို့ပေါ် နေအိမ်တွေရှိ မီတာပုံးတွေကို လိုက်လံသိမ်းဆည်းတာတွေ လျှပ်စစ်မီး ဖြတ်တောက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
 
တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ပြည်သူကို ဖိအားပေးနေတဲ့ ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံအနှံ့က လျှပ်စစ်ရုံးတွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေကို မကြာခဏဆိုသလို ဗုံးခွဲတိုက်ခိုက်တာတွေ ရှိတဲ့အတွက် စစ်ကောင်စီတပ်က လုံခြုံရေးပေးနေတာတွေလည်း ရှိပါတယ်။
 
ဓာတ်ပုံ – Social Media