အမ်ဘက်ပီကို မဖြစ်မနေ ရောင်းထုတ်ရဖွယ် ရှိနေတဲ့ ပီအက်စ်ဂျီ

ဇွန်၊ ၁၃

အသင်းကနေ ထွက်ခွာချင်ပြီလို့ ကစားသမား ကိုယ်တိုင်က ဖိအားပေး တောင်းဆိုလာတဲ့နောက် ပီအက်စ်ဂျီ အသင်းဟာ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပီကို ရောင်းချရမယ့် အခြေအနေတွေ ကြုံလာရပါတယ်။

 အမ်ဘက်ပီရဲ့ စာချုပ်ဟာ လာမယ့်နှစ်မှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် အလိုအလျောက် ၁ နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ပြင်သစ် လက်ရွေးစင်က သူဟာ နောက်ထပ် ၁ နှစ် သက်တမ်းတိုး စာချုပ်မယ့် ရွေးချယ်ခွင့်ကို လုံးဝ လက်ခံတော့မှာ မဟုတ်ဘူးလို့ အသင်း ဥက္ကဋ္ဌဆီ စာရေးသား အသိပေးခဲ့ပါတယ်။

ဒါကြောင့် ပီအက်စ်ဂျီဟာ အခုနွေရာသီမှာ အမ်ဘက်ပီကို မရောင်းချနိုင်ဘူးဆိုရင် လာမယ့် ရာသီအကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုရတော့မှာပါ။ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ လက်ရှိ မျိုးဆက်ရဲ့ အကောင်းဆုံး ဘောလုံးကြယ်ပွင့် တဦးအဖြစ် သတ်မှတ် ခံထားရပါတယ်။

ပြင်သစ် လီဂူးဝမ်း ချန်ပီယံ ကလပ်ဟာ အသင်းရဲ့ စံချိန်တင် ဂိုးသွင်းအများဆုံး ကစားသမားကို ဆက်ထိန်းထားဖို့ လပေါင်းအတော်ကြာ စေ့စပ် ဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူ့ကို ကမ္ဘာကျော် စပိန်ဘောလုံးကလပ် ရီးရဲလ်မက်ဒရစ် အသင်းက ကာလရှည်ကြာ စိတ်ဝင်စားနေခဲ့ပြီး မနှစ်တုန်းက ရီးရဲလ်ဆီ ပြောင်းခွင့် ရခဲ့ပေမယ့် အမ်ဘက်ပီက ငြင်းပယ်ပြီး ပီအက်စ်ဂျီရဲ့ သက်တမ်းတိုး စာချုပ် ကမ်းလှမ်းမှုကိုပဲ လက်ခံခဲ့ဖူးပါတယ်။

လက်ရှိ အချိန်မှာတော့ ရီးရဲလ်ဟာ အဓိက တိုက်စစ်မှူး ကာရင်မ် ဘန်ဇီးမားကို လက်လွှတ်လိုက်ရပြီး ဖြစ်တာကြောင့် အစားထိုးရမယ့် ကစားသမား လိုအပ်နေပြီး အမ်ဘက်ပီကို တကျော့ပြန် စိတ်ဝင်စားလာဖွယ် ရှိနေပါတယ်။

တကယ်လို့ အမ်ဘက်ပီသာ သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း ပီအက်စ်ဂျီကို ကျောခိုင်း စွန့်ခွာသွားမယ် ဆိုရင်တော့ အသင်းအတွက် အပြောင်းအရွှေ့ စျေးကွက် တခုတည်းမှာတင် အထင်ကရ ဘောလုံးကြယ်ပွင့် နှစ်ဦးကို ဆုံးရှုံးမှု ဖြစ်လာတော့မှာပါ။ အစောပိုင်းကလည်း အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း မတိုးဘဲ အမေရိကန်ကလပ် အင်တာ မီယာမီဆီ ကူးပြောင်းသွားခဲ့တာကြောင့်ပါ။ နောက်ထပ် ပီအက်စ်ဂျီရဲ့ စူပါစတား တိုက်စစ်မှူး တဦးဖြစ်တဲ့ ဘရာဇီးသား နေမာကလည်း ဆော်ဒီ အာရေးဘီးယား ဘောလုံးကလပ် တခုခုကို ပြောင်းရွှေ့နိုင်ဖွယ် ရှိတယ်လို့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

 

Ref: BBC