ဇွန်၊ ၁၂
တနင်္သာရီတိုင်းထဲက စစ်ဘေးရှောင်ပြည်သူတွေကို ရိက္ခာထောက်ပံ့ကူညီနိုင်ဖို့အတွက် “ဝသန်ဦးအတွက် ဆန်စုဗူး” ကမ်ပိန်းပြုလုပ်မယ်လို့ ကမ်ပိန်း ဦးဆောင်သူတွေက ပြောပါတယ်။
အဲဒီကမ်ပိန်းကို ဇွန်လ ၁၂ ရက်ကနေ ဇူလိုင်လ ၂၆ ရက်အထိ ၄၅ ရက် ပြုလုပ်မှာဖြစ်ပြီး အဲဒီကာလအတွင်း ဆန်အိတ် ၁၅၀၀ စုစည်းရရှိနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
အခုကမ်ပိန်းကို မိုးများတဲ့ ကာလအတွင်း စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာဖူလုံဖို့ ရည်ရွယ်ပြီးလုပ်တာလို့လည်း ပြောပါတယ်။
“မိုးတွင်းမှာ ရိက္ခာက သာမန်အချိန်တွေထက်ပိုမိုစုဆောင်းရခက်တာတွေ၊ သယ်ယူရ သိုလှောင်ရခက်တာတွေ ကြုံတွေ့ရပါတယ်။
သာမန်ပြည်သူတွေ ပုံမှန်အချိန်ကာလမှာတောင် စီးပွားကြပ်တည်း သွားလာရခက်ခဲတဲ့ကာလမို့ပါ။ ပါ၀င်လှူဒါန်းလိုသူတွေက ကိုယ်နိုင်တဲ့ ပမာဏ လှူဒါန်းလို့ရပါတယ်၊ ဆန်တပြည်ချင်းဖြစ်ဖြစ် အိတ်တ၀က် ဒါမှမဟုတ် တအိတ်ချင်းဖြစ်ဖြစ် ပါ၀င်လို့ရပါတယ်။ အလှူခံတာတော့ ငွေကြေးကိုပဲ အဓိကအလှူခံသွားမှာပါ၊ အရာ၀တ္ထုက နှစ်ဦးနှစ်ဖက်လုံခြုံရေးအရ ခက်ခဲလို့ပါ။ ဒီကမ်ပိန်းက ခါးသီးလွန်းတဲ့ ဒီကာလထဲ ပြည်သူအချင်းချင်းဖေးမမှုတွေရှိနေပါသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်ပြဖို့အတွက်လည်းရည်ရွယ်ပါတယ်”လို့ ကမ်ပိန်း ဦးဆောင်သူတဦးက DNA ကို ပြောပါတယ်။
ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ကတော့ “ဝသန်ဦးအတွက် ဆန်စုဗူး” အမည်နဲ့ ဖွင့်လှစ်ထားတဲ့ ဖေ့စ်ဘုတ်ပေ့ချ်ရဲ့ မက်ဆင်ဂျာကနေ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်း ဆိုပါတယ်။
အဲဒီကမ်ပိန်းကိုတော့ တနင်္သာရီတိုင်းအခြေစိုက် စစ်ရှောင်ကူညီရေးအဖွဲ့တွေဖြစ်တဲ့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့၊ ပုလောစစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီ၊ နွေဦးမေတ္တာ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့၊ တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့တွေနဲ့ တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက်၊ တနင်္သာရီအခြေစိုက်ကျောင်းသားသမဂ္ဂများကွန်ရက်တို့ ပူးပေါင်းလုပ်ဆောင်ကြတာပါ။
တနင်္သာရီတိုင်းအတွင်းက မြို့နယ် ၆ ခုမှာ အခု ဇွန်လ ဒုတိယပတ်အထိ စစ်ဘေးရှောင်လေးသောင်းနီးပါးအထိရှိနေပြီး ရိက္ခာနဲ့ ဆေးဝါး အမြဲတမ်း လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကနေ ၁၂ ရက်အထိ ၄ ရက်အတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဖမ်းဆီးပစ်ခတ်မှုတွေကြောင့် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာလောက်က ရွာခံ တသောင်းနီးပါး မိုးရေထဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။
ပုံစာ-ဇွန်လ ၁၂ ရက်နေ့က မိုးရေထဲ စစ်ရှောင်နေကြရတဲ့ သရက်ချောင်းဒေသခံများ