ထီးလင်းမှာ စစ်ကောင်စီတပ်က လုံခြုံရေးဂိတ်ကိုဝင်စီးလို့ PDF တဦးဒဏ်ရာရ

ဇွန်၊ ၁၂

မကွေးတိုင်း၊ထီးလင်းမြို့နယ်၊ကျင်းကျေးရွာရှိလုံခြုံရေးဂိတ်ကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီးဝင်စီးတာကြောင့်  အပြန်အလှန်  ပစ်ခတ်မှု ဖြစ်ခဲ့ပြီး   တပ်ဖွဲ့ဝင်တဦးဒဏ်ရာရတယ်လို့ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံဆရာကျော်က ပြောပါတယ်။

ပေါက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) ၂၄ မှ စစ်ကောင်စီတပ်သားနဲ့ ပျူ  စောထီးပူးပေါင်းအင်အား ၁၀၀ ဝန်းကျင်ခန့်ဟာ ဇွန်လ ၁၀ ရက်နေ့ နံနက် ၉ နာရီလောက်မှာ အရပ်သားနှစ်ဦးကိုဓားစားခံအဖြစ်ဖမ်းဆီးခေါ်ဆောင်လာပြီးစစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။

“ စစ်ခွေးနဲ့ပျူခွေး ၁၀၀ ဝန်းကျင်နဲ့ ကျင်းကျေးရွာကို ဦးတည်ပြီးစစ်ကြောင်းထိုးလာတယ် ။PDF ကင်းတွေနဲ့တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်’’ လို့ ဆရာကျော်က ပြောပါတယ်။

စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့နဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု နှစ် ကြိမ်ဖြစ်ခဲ့ပြီး တပ်ဖွဲ့ဝင်တဦးဒဏ်ရာရရှိခဲ့ပေမယ့်  မစိုးရိမ်ရဘဲ ဆေးဝါးကုသပေးနေတယ်လို့လည်း ဆရာကျော်က ဆက်လက်ပြောကြားခဲ့ပါတယ်။

ကျင်းကျေးရွာဖက်ကို   စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ  PDF တွေနေထိုင်ရာ စခန်းတခု၊ ဂိတ်တဲတခုနဲ့ ဒေသခံတွေရဲ့ ဆိုင်ကယ် လေးစီးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

“ပြည်သူတွေကိုကယ်ထုတ်ပြီးတော့ တော်လှန်ရေးအဖွဲ့အစည်းတွေက ကယ်ထုတ်ပြီးတော့ကာပေးတယ်။အဲ့လိုနဲ့ရွာကိုလက်လွှတ်လိုက်ရတယ် ။အဲ့အချိန်မှာ စစ်ခွေးတွေက ရွာမှာရှိတဲ့လုံခြုံရေးဂိတ်ကို မီးရှို့တယ်။ လုံခြုံရေးယူပေးနေတဲ့ စခန်း တခုကိုမီးရှို့တယ်။ပြီးတော့ ဆိုင်ကယ် လေးစီးလောက်ကိုလည်း မီးရှို့ခဲ့တယ်။ ပြည်သူထိခိုက်မှုတော့ မရှိပါဘူး” လို့ ဆရာကျော်ကပြောပါတယ်။

စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ PDF ဂိတ်ကို မီးရှို့ဖျက်ဆီးပြီးတဲ့နောက် နေ့လည် ၃ နာရီ ကျော်မှာ  ပေါက်မြို့နယ်ဖက်ကို ပြန်ဆုတ်သွားပြီး လမ်းခုလတ်အရောက်မှာ လမ်းပြဓားစားခံ အဖြစ်ခေါ်ဆောင်လာတဲ့  ကျင်းရွာသားနဲ့ကျောက်ထု ရွာသား နှစ်ယောက်ကို စစ်ဆေးမေးမြန်းပြီးပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးမီးရှို့ခံရတာကြောင့် ကျင်းကျေးရွာက လူဦးရေ ၁၅၀၀ လောက်ဟာ ဇွန်လ ၁၀ ရက်ကနေ ၁၂ ဒီကနေ့ ဇွန်လ ၁၂ ရက်အထိ ရွာထဲပြန်မဝင်ရဲသေးဘဲ စစ်ရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောကြ ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၆ ရက်၊ နေ့လည် ၃ နာရီလောက်မှာ ထီးလင်းမြို့နယ် ကျင်းရွာအုပ်စု၊ဆင်ထိုးကျေးရွာကို စစ်ကောင်စီတပ်က  Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်နှစ်လုံးနဲ့ ကားတစီး ပျက်ဆီးခဲ့ရပါတယ်။ 

ဒါ့အပြင် ဇွန်လ ၇ ရက်မှာလည်း နေ့လည် ၂ နာရီ ဝန်းကျင်မှာ ဆွဲလည်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေဟာ လေကြောင်းအန္တရာယ် ကိုကြောက်လို့ ရွာထဲမှာလည်း သိပ်မနေရဲကြတော့ဘူးလို့ ဆရာကျော်ကပြောပါတယ်။

Photo-ထီးလင်းပကဖ