ဇွန်၊ ၁၂
စစ်ကိုင်းတိုင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ လေ့ကျင့်ရေးနဲ့အင်အားစုဆောင်းရေးတာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ကိုနွေဦးမြောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေပြီးတော့
အခုလ ၁၀ ရက်မှာပဲ တာဝန်ကနေယာယီရပ်ဆိုင်း လိုက်တယ်လို့သိရပါတယ်။
ကိုနွေဦးမြောင်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်ကော်မတီ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ CDM ဝန်ထမ်းတွေပါတဲ့ဖိုရမ်ကို အကြောင်းမကြားပဲတက်ရောက်ခဲ့တာကြောင့်အခုလို တာဝန်ကနေရပ်ဆိုင်းလိုက်တာလို့ သူ့ကို စစ်ကိုင်းတော်လှန်ရေးခေါင်းဆောင်တွေစုဖွဲ့ထားတဲ့ အွန်လိုင်း ဂရုတခုကနေ စာပေးပို့ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။
“ကျွန်တော်က မနေ့တုန်းကခရီးကပြန်ရောက်ပြီး ဒီဘက်ရောက်မှ လိုင်းရလို့ သူများတွေပြောလို့ သိရတာ၊
ထုတ်ပြန်ချက်ထဲမှာတော့ အဓိက စစ်ကိုင်းဖိုရမ်ထဲမှာပြောရေးဆိုခွင့်ရှိသူနေရာကပါလို့ ပကဖကနေ ပထုတ်လိုက်တာပေါ့၊ ကျတော့်ကို စာထုတ်လိုက်တာတော့ တိုင်းပကဖ ကနေ စာထုတ်တာ ပြီးမှ ခရိုင် ပကဖကိုပို့တယ် ။သူတို့က ဂရုထဲကိုပို့လိုက်လို့ သိရတာ၊ သူတို့ရေးသားတဲ့အထဲမှာတော့ COC မပျက်စီးရေး
ပေါ့ဗျာ ။အာ့တာကြောင့် တိုင်းပကဖ လက်မှတ်ထိုးပြီး ယာယီရပ်ဆိုင်းလိုက်တာပေါ့ဗျာ၊ ဒီလိုရပ်စဲလိုက်တာက ဘာရည်ရွယ်ချက်လဲဆိုတာတော့ သူတို့ပဲသိမှာပေါ့၊” လို့ ကိုနွေဦးမြောင်က DNA ကိုပြောပါတယ်။
စစ်ကိုင်းတိုင်းတနေရာမှာမေလ ၃၀ ရက်နဲ့၃၁ နှစ်ရက်တာပြုလုပ်တဲ့စစ်ကိုင်းဖိုရမ်ကို NUG ကဂုဏ်ပြုလွှာပေးပို့ခဲ့ပေမယ့် အဲဒီအထဲမှာ ပြင်ပ ပယောဂမပါဘဲ ဒေသအခြေအနေနဲ့ ကိုက်ညီတဲ့ရလာဒ်ထွက်အောင် ဆွေးနွေးဖို့ဆိုပြီး ထည့်သွင်းရေးသားထားပြီးတော့ အခုကိစ္စနဲ့ပါတ်သတ်ပြီးတော့ NUG ဖက်က သတင်းအတိအလင်းထုတ်ပြန်ထားတာမျိုးတော့မရှိသေးပါဘူး။
ရာထူးကယာယီရပ်စဲခံရတဲ့ ကိုနွေဦးမြောင်ကတော့စစ်ကိုင်းဖိုရမ်အတွင်းဆွေးနွေးခဲ့တာတွေဟာ စစ်ကိုင်းအတွင်းဖက်ဒရယ်ယူနစ်တခု ဖော်ဆောင်နိုင်ရေး၊ အာဏာရှင်အမြစ်ပြတ်ရေး၊ အမျိုးသားညီညွှတ်ရေးအစိုးရကိုပဲ အစိုးရအဖြစ် အသိမှတ်ပြုရေးတွေသာဆွေးနွေးခဲ့တဲ့အတွက် သူ့ကို အခုလို တာဝန်ကနေအခုလို ယာယီရပ်ဆိုင်းလိုက်တဲ့ အပေါ်မှာ အယူခံဝင်သွားဖို့ မရှိဘူးလို့လဲ ဆိုပါတယ်။
“ကျတော်တို့က တော်လှန်ရေးသမားတွေ နိုင်ငံရေးသမားတွေမဟုတ်ဘူး ။နိုင်ငံရေးသမားတွေ လုပ်ရမယ့်အလုပ် မလုပ်လို့ ကျွန်တော်တို့ ဝင်လုပ်နေတာ ။ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေ အကောင်ထည်ပေါ်သွားမယ်ဆိုရင် အမျိုးသားညီညွတ်ရေးအတွက် အကျိုးဖြစ်မှာလား ၊စစ်ကောင်စီအတွက် အကျိုးဖြစ်မှာလား ၊ကွဲကွဲပြားပြားစဉ်းစားတတ်ဖို့လိုတယ် ။ကျွန်တော်က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မှားတယ်လို့ ခံယူထားတာမရှိဘူး ”လို့ ကိုနွေဦးမြောင်က ထပ်ပြောပါတယ်။
Photo-Social Media