ဇွန်၊ ၁၂
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်မှာ ဇွန်လ ၉ ရက်ကနေ စတင်ပြီး ဒီကနေ့ ဇွန်လ ၁၂ ရက်အထိ လေးရက်အတွင်း စစ်ရှောင်သက်ကြီးရွယ်အိုနှစ်ဦး သေဆုံးခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစစ်ငြိမ်းက DNA ကိုပြောပါတယ်။
သေဆုံးသူတွေဟာ ဆားလင်းကြီး မြို့နယ်၊ ညောင်ပင်ပင်ကြီး အုပ်စု၊ ထန်းတောကြီး ရွာက အသက် ၅၅ နှစ်အရွယ် ဒေါ်ထားထားရီနဲ့ လက်ပံတောင်းအုပ်စု၊ ရွှေလှေရွာက အသက် ၇၀ ကျော်အရွယ် ဦးမြတ်မောင်တို့ ဖြစ်ကြပါတယ်။
“ ဦးမြတ်မောင်က လေကြောင်းတိုက်ခိုက်မှု လုပ်တဲ့နေ့က ရွှေလှေရွာ ခေါင်းရင်းထိကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာဆိုတော့ အဲ့ဒီနေ့က ထွက်ပြေးရင်းနဲ့ အမောဖောက်ပြီး ဆုံးသွားတာ ” လို့ ကိုစစ်ငြိမ်းက ပြောပါတယ်။
ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဇွန်လ ၉ ရက်က ညောင်ပင်ကြီးရွာ ရဲစခန်းကို တိုက်ခဲ့လို့ စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း ကျဆုံးပြီး လက်နက်ခဲယမ်း ဆုံးရှုံးမှုလည်း ရှိခဲ့ပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်က စစ်ကူတွေ စေလွှတ်ခဲ့သလို အနောက်မြောက်တိုင်း စစ်ဌာနချုပ်က Mi35 ရဟတ်ယာဉ်နဲ့ ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ရာမှာ ထွက်ပြေးတဲ့ ဦးမြတ်မောင်ဟာ အမောဖောက်သေဆုံးခဲ့တာပါ။
ရဲစခန်းအတိုက်ခံရတဲ့ ဇွန်လ ၉ ရက်ညမှာပဲ စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ပင်ကြီးရွာကို နေအိမ်တွေ မီးရှို့တာ၊ ဘူဒိုဇာနဲ့ လမ်းတွေ ဖျက်တာ၊ အိမ်တွေ ဖျက်တာအပြင် မိုင်းတွေပါ ထောင်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
လက်ရှိမှာ ဆားလင်းကြီးမြို့နယ်အတွင်းက ညောင်ပင်ကြီး ၊ နှင်းတော ၊ သိမ်တော ၊ ရွှေအင်းလေ ၊ ရွာရှည် ၊ ထန်းတော ၊ ပလောင် ၊ အိုမ ၊ ကူးတို့ကုန်း ၊ အောင်ချမ်းစည် စတဲ့ကျေးရွာတွေက ဒေသခံလေးထောင်ဝန်းကျင် စစ်ရှောင်ခဲ့ကြရတာပါ။
အဲ့ဒီစစ်ရှောင်တွေထဲမှာ ညောင်ပင်ပင်ကြီး အုပ်စု၊ ထန်းတောကြီး ရွာက အသက် ၅၅ နှစ်အရွယ် ဒေါ်ထားထားရီကတော့ မနေ့က ဇွန်လ ၁၁ ရက်က စစ်ရှောင်သွားနေချိန်မှာ အောက်စီဂျင်ပြတ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဆားလင်းကြီး မြို့နယ်ထဲက ကျေးရွာတချို့ဟာ စစ်ဘေးရှောင်နေရပြီး အစားအသောက်နဲ့ ရေ အခက်ခဲဖြစ်နေတယ်လို့ လူငယ်နဲ့ ကလေးသူငယ်ရေးရာတာဝန်ခံ မဇင်မာဦး က ပြောပါတယ်။
“ ရဲစခန်းနားက ဘုန်းကြီးကျောင်းထဲမှာ စစ်ရှောင်နေကြရတဲ့ ပြည်သူတချို့ ရှိတယ်။ စစ်ကောင်စီတပ်တွေက အမြဲတမ်း ကင်းပတ်တယ်။ ဘုန်းတော်ကြီးကျောင်းထဲမှာ တိမ်းရှောင်နေတဲ့ ပြည်သူတွေကို အပြင်မထွက်ဖို့နဲ့ အပြင်ထွက်တဲ့သူတွေကို သတ်ပစ်မယ်လို့ပြောတယ် ” လို့ သူမကဆိုပါတယ်။
ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများ
ပုံစာ – စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို ဒီလ ၉ ရက်ကစပြီး စစ်ကောင်စီတပ်က ရက်ဆက်မီးရှို့လို့ ဒေသခံထောင်ချီ စစ်ရှောင်ခဲ့ရပါတယ်။