ဇွန်၊ ၁၂
ရုရှားနဲ့ အခိုင်အမာ လက်တွဲသွားဖို့ ဆန္ဒရှိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားလိုက်ပါတယ်။
ဇွန် ၁၂ ရက်မှာ ထုတ်ပြန်တဲ့ နှုတ်ခွန်းဆက် သဝဏ်လွှာမှာ ကင်က မြောက်ကိုရီးယားဟာ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားနဲ့ တသားတည်း ရပ်တည်ပြီး အင်တိုက်အားတိုက် ထောက်ခံ ကူညီလိုတဲ့ သဘောထားတွေကို အတိအလင်း ထုတ်ပြသွားခဲ့ပါတယ်။
သူက မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်တင်ပြီး ပူတင်နဲ့ မြဲမြဲမြံမြံ လက်တွဲသွားချင်ကြောင်းလည်း ပြောပါတယ်။
ကင်ရဲ့ သဝဏ်လွှာထဲမှာတော့ ရုရှားနိုင်ငံနဲ့ သမ္မတ ပူတင်ကို ချီးကျူးဂုဏ်တင်တဲ့ စကားတွေနဲ့ချည်း ပြည့်လျှံနေခဲ့ပါတယ်။ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့လည်း ရုရှားရဲ့ တရားမျှတမှုက အနိုင်ရမှာဖြစ်ကြောင်း၊ ရုရှားဟာ ထည်ဝါတဲ့ သမိုင်းကြောင်းမှာ နောက်ထပ် အောင်ပွဲ တခုကို ရေးထိုးနိုင်ဦးမှာဖြစ်ကြောင်းလည်း ရွှန်းရွှန်းဝေအောင် ဂုဏ်တင်ထားပါသေးတယ်။
နောက်ပြီး မြောက်ကိုရီးယား ပြည်သူတွေဟာ ရုရှား ပြည်သူတွေရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခွင့်၊ ဖွံ့ဖြိုးရေး၊ အရင်းရှင် ဝါဒရဲ့ ဖောက်ပြန်မှုတွေကနေ ရုန်းထွက်ရေး အားထုတ် ကြိုးစားမှုတိုင်းမှာ တသားတည်း အမြဲရပ်တည်နေမှာ ဖြစ်တယ်လို့လည်း ကင်က ဆိုပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ပွဲ စတင်လာချိန် ကတည်းက ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတွေမှာ မြောက်ကိုရီးယားဟာ ရုရှားကို အစဉ်တစိုက် ထောက်ခံနေခဲ့တဲ့ ရှားရှားပါးပါး နိုင်ငံတခု ဖြစ်ပါတယ်။
ရုရှားဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အနောက်မဟာမိတ်တွေနဲ့ ဆက်ဆံရေး ပိုမို တင်းမာလာပြီး နိုင်ငံတကာ အလယ်မှာလည်း အထီးကျန်လာတဲ့နောက် မြောက်ကိုရီးယား၊ အီရန်၊ တရုတ်စတဲ့ နိုင်ငံတွေနဲ့ ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးတွေ ထူထောင်ဖို့ ကြိုးစားနေပါတယ်။ မကြာသေးခင်ကတင် တရုတ်နဲ့ ရုရှားတို့ဟာ အနောက်နိုင်ငံတွေရဲ့ ရန်လိုမှုကို တွန်းလှန်ဖို့နဲ့ နှစ်နိုင်ငံကြား ကုန်သွယ်ရေး အရှိန်အဟုန် မြှင့်တင်ဖို့ သဘောတူညီမှုတွေ ရရှိခဲ့ကြပါတယ်။
Ref: Business Insider