ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

ဇွန်၊ ၁၂
 
ကရင်နီပြည်နယ် (ကယားပြည်နယ်)မှာ ကြားကာလပြည်နယ်အစိုးရတရပ်ရဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်ဖို့ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဇွန်လ ၆ ရက်မှာ စတင်ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
 
“ လက်ရှိလျှောက်လှမ်းနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ မိုင်တိုင်များအရ ကြားကာလကနေ စပြီး အခြေခံကျောရိုး ပြည်နယ်များက အုပ်ချုပ်ရေးပိုင်းမှာ စနစ်တကျ ဖွဲ့စည်းပြီး အားကောင်းမှ ခိုင်ခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ပုံဖော်နိုင်မှာဖြစ်ပါတယ် ” လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ခူဦးရယ် က ပြောပါတယ်။
 
ကောင်စီဝင် ခြောက်ဦးပါဝင်တဲ့ ကြားကာလအုပ်ချုပ်ရေးကောင်စီကို ၂၀၂၁ ခုနှစ်၊ ဧပြီလက ဖွဲ့စည်းခဲ့တဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ မူဝါဒလမ်းညွှန်ချက်အတိုင်း ဖွဲ့စည်းတာလို့ သိရပါတယ်။
 
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှာ ဥက္ကဌ ခူဦးရယ်၊ ဒုဥက္ကဌ ခွန်ဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူပလုရယ်၊ အတွင်းရေးမှူး ၁ ဇူးပဒုမ္မာ၊ အတွင်းရေးမှူး ၂ ဗညားခွန်အောင် နဲ့ ဘဏ္ဍာရေးမှူးအဖြစ် မော်ဖိုးမြာတို့ ပါဝင်ပြီး ကောင်စီအဖွဲ့ဝင် (၆) ဦးနဲ့ ကနဦး ဖွဲ့စည်းထားပါတယ်။
 
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က စုပေါင်းခေါင်းဆောင်မှုနဲ့ ကြားကာလပြည်နယ် အစိုးရတရပ်ရဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားမှာဖြစ်သလို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေ အပြန်အလှန် ထိန်းညှိပြီး ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားမယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ပြည်နယ်အတွင်းက အင်အားစုအသီးသီးနဲ့ လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး လူထု ဝန်ဆောင်မှု လုပ်ငန်းတွေ ချိတ်ဆက်ဖော်ဆောင်ခြင်းနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ ရဲဌာန၊ အကျဉ်းထောင်တို့လည်း စနစ်တကျ စီမံသွားမယ်လို့ သိရပါတယ်။
 
ကြားကာလအုပ်ချုပ်ရေးကောင်စီမှာ ပြည်နယ်ရေးရာဌာန အနည်းဆုံး ၁၂ ရပ် ထားရှိသွားမှဖြစ်ပြီး လူထုတရပ်လုံးရဲ့ ပံ့ပိုးမှုနဲ့အတူ CDM ပြုလုပ်ထားတဲ့ ဝန်ထမ်းတွေ၊ တတ်သိပညာရှင်တွေ ပါဝင်မယ်လို့ သိရပါတယ်။
 
ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ ပြည်နယ်ရေးရာကော်မတီတို့ဟာ ဒီကနေ့ တော်လှန်ရေးကာလမှာ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီမှ ချမှတ်ထားတဲ့ မူဝါဒလမ်းညွှန်ချက်တွေအတိုင်း ပြည်နယ်ရဲ့ အခွန်ဘဏ္ဍာငွေကို စနစ်တကျ စီမံခန့်ခွဲပြီး ဝန်ထမ်းနဲ့ ပြည်သူတွေရဲ့ အကျိုးကို ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
 
အဲဒီကောင်စီဟာ ပြည်တွင်းပြည်ပ အင်အားစုတွေနဲ့ ချိတ်ဆက် လုပ်ဆောင်သွားမှာဖြစ်သလို ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး CRPH၊ NUCC နဲ့ NUG အပါအဝင် နိုင်ငံတဝန်းရှိ အင်အားစု အားလုံးနဲ့ လက်တွဲသွားမယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
 
ဒီကနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီလက ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းနိုင်ခြင်းဟာ အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် အထောက်အပံ့ကောင်းဖြစ်တယ်လို့ ပြောပါတယ်။
 
“ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ ပြည်နယ်လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ စီမံကွပ်ကဲနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ကရင်နီပြည်နယ်ရဲ့ ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ အခြားသော ပြည်နယ်တွေရဲ့ စံနမူနာဖြစ်စေဖို့ ၊ အလာတူ ဖြစ်ပေါ်လာမယ့် ကြားကာလ အုပ်ချုပ်ရေးကောင်စီတွေနဲ့လည်း ပိုမိုစုစည်းပြီး ပေါင်းစည်းလုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ် ” လို့ ယာယီသမ္မတကြီးက ပြောပါတယ်။
ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကရင်နီပြည်အစိုးရသစ် ပေါ်ပေါက်လာချိန်မှာ သတ်မှတ်ထားတဲ့ ကာလသက်တမ်းနဲ့အညီ ရုတ်သိမ်းသွားမယ်လို့ သိရပါတယ်။
 
“ အခြားပြည်နယ်တွေအနေနဲ့လည်း ကရင်နီပြည်နယ်ကဲ့သို့ အလုံးစုံမပြည့်စုံသေးပေမယ့် မိမိပြည်နယ်ရဲ့ အခင်းအကျင်းတွေပေါ်မှာ အခြေခံပြီး အားကောင်းတဲ့ အုပ်ချုပ်ရေး ယန္တရားကို ကြိုးစားဖန်တီးရင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို စုပေါင်းခေါင်းဆောင်မှုနဲ့အတူ တည်ဆောက်ကြပါစို့လို့ တိုက်တွန်းလိုပါတယ် ” လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ခူဦးရယ် က ပြောပါတယ်။ 
ဓာတ်ပုံ – IEC