မင်းတပ်မှာ စစ်ရှောင်ရင်း ခုနစ်ရက်သားကလေးငယ်နဲ့ အဘွားအိုတဦးသေဆုံး၊အရေးပေါ်လိုအပ်ချက်တွေ များနေ

ဇွန် ၊ ၁၀

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ထွက်ပြေးတိမ်း ရှောင်ရ သူတွေထဲက ခုနစ်ရက်သား ကလေးငယ်တဦးနဲ့ အသက် ၆၀ ကျော်အရွယ်အဘွားအိုတဦးတို့ သေဆုံးခဲ့ရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုယောမာန်က DNA ကိုပြောပါတယ်။

 မတူပီဒေသခံတွေဟာ စစ်ကြောင်စီစစ်ကြောင်း အန္တရာယ်ကြောင့် မင်းတပ်မြို့နယ်အတွင်းက ကျေးရွာတွေထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

 ကလေးငယ်နဲ့အဘွားအိုဟာမိသားစုတွေနဲ့အတူ  ရုတ်တရက်ထွက်ပြေးတိမ်းရှောင်လာရချိန်မှာ ရာသီဥတုဆိုးရွား တာ၊အစာအာဟာရ လုံလုံလောက်လောက်မရတာ၊ကျန်းမာရေးစောင့်ရှောက်မှုအချိန်မီမပေးနိုင်တာတွေကြောင့် သေဆုံးခဲ့ရတာလို့ ကိုယောမာန်က ပြောပါတယ်။

 “ကလေးငယ်ကတော့ ဆေးဝါကုသမှု မခံယူနိုင်ပဲ ဆုံးသွားတယ်၊အဘွားအိုကတော့ နဂိုရောဂါအခံလည်း ရှိတယ်။ အခုလို စစ်ဘေးရှောင်ရတော့ စိတ်ဖိစီးမှုတွေကော၊အစာအဟာရတွေကော ဆေးဝါးကုသမှုကို မပေးနိုင်လို့ အ သက်ဆုံးပါးသွားပါတယ်”လို့ သူက ပြောပါတယ်။

  မတူပီမြို့ အခြေစိုက် ခလရ (၁၄၀) တပ်ရင်းက စစ်ကြောင်းဟာ ဇွန်လ ၂ ရက်ကတည်းက မတူပီမြို့နယ်၊ ပုံတ လာရေတံခွန်ဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ခြမ်းပြန်းကျေးရွာ၊ ရမ်းတိန်းကျေးရွာ၊ မွှန်တုန်းရွာသစ် စတဲ့ ကျေးရွာတွေ လူဦးရေ ငါးရာလောက် မင်းတပ်မြို့နယ်ထဲမှာ တိမ်းရှောင်ခိုလှုံနေကြရတယ်လို့သိရပါတယ်။

 အဲ့ဒီလို တိမ်းရှောင်နေကြစဉ်အတွင်း ခုနစ်ရက်သားကလေးငယ်က ဇွန်လ ကိုးရက်မှာ သေဆုံးခဲ့သလို အသက် ခြောက်ဆယ်ကျော် အဘွားအိုကတော့ ဇွန်လ ၅ရက်က သေဆုံးခဲ့တာလို့ မင်းတပ်မြို့နယ် စစ်ရှောင်စီမံခန့်ခွဲရေး ကော်မတီက ဒီကနေမှာ ထုတ်ပြန်ထားပါတယ်။

 အင်အား ၁၀၀ ဝန်းကျင်ပါဝင်တဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းကြောင့် ရုတ်တရက် ရွာလုံးကျွတ် စစ်ဘေးရှောင် လာ ရသူတွေဟာ အဝတ်အစားနဲ့ အစားအသောက် အနည်းငယ်မျှသာ ယူဆောင်လာနိုင်ပြီး အရေးပေါ် စားနပ်ရိက္ခာ တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အဲဒီမတူမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေဟာ မင်းတပ်မြို့နယ်ထဲက မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးနေတဲ့ အဆောက်အဦးတချို့မှာ နေထိုင်နေကြရတာ ၁၀ ရက်လောက် ရှိနေပြီး စစ်ရှောင်ပြည်သူတွေထဲ ကလးငယ်နဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

လတ်တလောမှာ မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကော်မတီက အဲဒီစစ်ရှောင်တွေအတွက် ဆန် (၆၁) အိတ်နဲ့ စားဆီ ဗူး ၄၀ တို့ကို ပေးပို့ထားပြီး လိုအပ်ချက်က မြင့်မားနေသေးတယ်လို့ဆိုပါတယ်။

 စစ်ကောင်စီစစ်ကြောင်းဟာ ဇွန်လ ၆ ရက်က မတူပီမြို့နယ်၊ ရမ်တိန်းရွာဟောင်းကို ရောက်ရှိလာကာ နေအိမ် တချို့ကို ဖျက်ဆီးသွားခဲ့ပြီး ကျေးရွာအနီးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။