တွေ့ဆုံဆွေးနွေးမှု နည်းလမ်းနဲ့ ကုစားလို့ မရနိုင်တော့တဲ့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်း

ဇွန် ၊ ၁၀

အခုအချိန်မှာတော့ အကျပ်အတည်းတွေကို ကူညီဖြေရှင်းဖို့ နိုင်ငံတကာ အားထုတ်မှုတွေဟာ ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့ပေးဖို့ အတွက်ပဲ ပိုမို အာရုံစိုက်သင့်နေပါပြီ)

 စစ်တပ်က အာဏာသိမ်းလိုက်တာ ၂ နှစ်ကျော် ကြာလာတဲ့နောက် မြန်မာ့ နိုင်ငံရေး ပဋိပက္ခတွေဟာ ပိုမို အရှိန်အဟုန် ကောင်းလာနေဆဲဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့လည်း အဓိပ္ပါယ် ပြည့်ဝတဲ့ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့ အစွမ်းအစ ကင်းမဲ့သလို ဖြစ်နေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဒေသအလိုက် နိုင်ငံတကာ အစုအဖွဲ့တွေနဲ့ ယုတ်စွအဆုံး အိမ်နီးချင်း နိုင်ငံတွေကပါ မြန်မာ့ အကျပ်အတည်းနဲ့ ပတ်သက်ရင် နိုင်ငံရေးအရ ဖြေရှင်းမှု တခုကိုပဲ ရှာဖွေနေပါတယ်။ ငြိမ်းချမ်းတဲ့ စေ့စပ် ဆွေးနွေးမှု ဆိုတာကိုပဲ တွင်တွင်ကြီး တောင်းဆိုနေကြပါတယ်။ ဒါပေမဲ့ ပြဿနာ တခုက အဲဒီ ရည်မှန်းချက်တွေကို ဟန့်တားထားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာနိုင်တဲ့ ဖြစ်နိုင်ခြေဆိုတာ လုံးဝ မရှိပါဘူး။

 

စစ်ခေါင်းဆောင်တွေဟာ ပြည်သူတွေကို အစုအပြုံလိုက် သတ်ဖြတ်တာတွေ အပါအဝင် ရက်စက်တဲ့ ဖိနှိပ်မှုတွေ ဆက်လက် ကျူးလွန်နေပြီး အဲဒီအတွက် တာဝန်ခံဖို့လည်း လုံးဝ စိတ်ဝင်စားဟန် မရှိပါဘူး။ အရပ်သား ပြည်သူတွေကို အရှင်လတ်လတ် မီးရှို့တာ၊ ရွာလုံးကျွတ် မီးလောင်တိုက်သွင်းတာ၊ ကလေးငယ်တွေ တက်ရောက် သင်ကြားနေတဲ့ ကျောင်းတွေကို ဗုံးကြဲတာ၊ ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို လူမဆန်တဲ့ နည်းတွေနဲ့ နှိပ်စက်တာမျိုး စစ်တပ်ရဲ့ လုပ်ရပ်တွေက ဘွင်းဘွင်းကြီး ပေါ်လွင်နေသလို သေသေချာချာ ထိန်းသိမ်းထားတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တစက်ကလေးမှ နောက်မတွန့်ဘဲ ပြောင်ပြောင်တင်းတင်း ဆက်လက် ကျူးလွန်နေတာကို ကြည့်ရင် အဲဒီ စစ်ခေါင်းဆောင်တွေဟာ လူလိုသူလို ညှိယူလို့ ရမယ့်သူတွေ မဟုတ်မှန်း နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ နားလည်သင့်ပါပြီ။

 

ဒီမိုကရေစီ ဘက်တော်သား တော်လှန်ရေး အင်အားစုတွေကတော့ ဒီသဘောတရားကို ကောင်းကောင်း သဘောပေါက်ထားပြီး ဖြစ်တဲ့အတွက် စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းဖို့ အတွက်သာ အာရုံစိုက်ပြီး အားထုတ်နေပါတယ်။ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)နဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစု (ERO)တွေရဲ့ ပူးပေါင်း တိုက်ခိုက်မှုတွေ အရှိန်မြင့်လာခြင်းနဲ့အတူ စစ်ရေးအရ အောင်မြင်မှုတွေ ရရှိလာနေပြီး စစ်အာဏာရှင် လက်အောက်ခံ တပ်တွေ အသေအပျောက်က တရိပ်ရိပ် မြင့်တက်လာပါတယ်။ စစ်ရေးအရှိန် တက်လာခြင်းကလည်း ညှိနှိုင်းဆွေးနွေး အဖြေရှာမှု လမ်းကြောင်းကနေ နှစ်ဖက်စလုံးကို ပိုမို ဝေးကွာလာစေပြန်ပါတယ်။

 

လက်တွေ့ကျကျ ရှုမြင်ကြည့်မယ်ဆိုရင် အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံ ပိုင်နက် တခုလုံးရဲ့ ထက်ဝက် နီးပါးလောက်ကိုသာ ထိန်းချုပ်ထားနိုင်စွမ်း ရှိပါတော့တယ်။ စုစုပေါင်း ခန့်မှန်းအင်အား ၁ သိန်းလောက် ရှိမယ်လို့ ယုံကြည်ရတဲ့ EROတွေဟာ သူတို့ ဖြန့်ကျက် လှုပ်ရှားနေရာ နယ်မြေတွေမှာ အာဏာသိမ်း စစ်ကောင်စီကို တိုက်ရိုက် ဆန့်ကျင်တာဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်မှု စနစ်တွေ ထူထောင်ထားတာမျိုးဖြစ်စေ လုပ်ဆောင်နိုင်ကြသလို PDFတွေကိုလည်း ကဏ္ဍတချို့မှာ ထဲထဲဝင်ဝင် ကူညီနေပါတယ်။ PDFတွေရဲ့ အင်အားကတော့ ၆ သောင်းခွဲလောက် ရှိနိုင်ပြီး အများစုကို တိုက်ရည်ခိုက်ရည် ပြည့်ဝနေတဲ့ ERO စစ်ဦးစီးတွေ၊ အလင်းဝင်လာတဲ့ စစ်သားဟောင်းတွေက လေ့ကျင့်ပေးထားပါတယ်။ အခုဆိုရင် PDF တပ်ရင်းတပ်ခွဲ အများအပြားဟာ အော်တိုမက်တစ် မောင်းပြန်ရိုင်ဖယ်တွေ၊ စနိုက်ပါ ရိုင်ဖယ်တွေ၊ စက်သေနတ်တွေ၊ ဒရုန်းတွေနဲ့ မော်တာတွေ တပ်ဆင်ထားတဲ့ လက်တွေ့ တိုက်ပွဲဝင်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာနေပါပြီ။

 

အခုဆိုရင်​ တော်လှန်ရေး အင်အားစု အားလုံး ပေါင်းလိုက်တဲ့အခါ စစ်ကောင်စီ တပ်တွေထက်တောင် အရေအတွက် သာလွန်လာနေပြီလို့ ဆိုနိုင်ပါတယ်။ စစ်တပ်ထဲမှာတော့ စစ်သားတွေက တိုက်ပွဲဝင်လိုစိတ် ပျောက်ဆုံးပြီး တိုက်ခိုက်ရေး စွမ်းရည်တွေလည်း ကျဆင်းနေပါတယ်။ ဒီအခြေအနေတွေ ဖြစ်လာအောင် ဆိုးဆိုးရွားရွား လွဲမှားတဲ့ စီမံ အုပ်ချုပ်မှုတွေ၊ အဖွဲ့အစည်းအတွင်းမှာ လှိုက်စား အမြစ်တွယ်နေတဲ့ အဂတိ ထူပြောမှုတွေနဲ့ ပြည်သူလူထုဆီက တူးတူးခါးခါး မုန်းတီးမှုတွေက စဉ်ဆက်မပြတ် မီးစာဖြည့်ပေးနေပါတယ်။ အခုအခါမှာ စစ်တပ်က တော်လှန်ရေး အင်အားစုတွေအပေါ် မဟာဗျူဟာအရ အသာစီး ယူဖို့ ဆိုတာဟာ သူတို့ရဲ့ လေတပ်ကို အားကိုးရုံသာ ရှိပါတော့တယ်။ နောက်ပိုင်းမှာ လေတပ်ကလည်း သူတို့ရဲ့ မြေပြင်တပ်တွေကို စစ်ပွဲ အောင်နိုင်ရေး ကူညီဖို့ မဟုတ်တော့ဘဲ အရပ်သား ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့ အတွက်သာ ပိုပြီး ဦးတည်လာပါတော့တယ်။

 

တချိန်တည်းမှာပဲ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတာဟာ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ် သုတ်သင်ဖို့ ပြည်သူလူထုရဲ့ သဘောထား ခံယူချက်တွေကို ပိုမို ကြံ့ခိုင်လာစေပါတယ်။ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ဒီအခြေအနေတွေကို သေချာ သဘောပေါက်ပြီး စေ့စပ်ညှိနှိုင်းရေးအတွက် ဘာမှ ဖြစ်ထွန်းမလာနိုင်တော့မယ့် အားထုတ်မှုတွေကို ရပ်တန်းက ရပ်သင့်နေပါပြီ။ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စစ်ဗိုလ်ချုပ်တွေမှာ ဘာနောင်တမှ မရှိသလို လူမဆန်တဲ့ လုပ်ရပ်တွေကိုလည်း စွန့်ပယ်မှာ မဟုတ်ပါဘူး။ နောက်ပြီး အလျှော့ပေးမှာလည်း မဟုတ်ဘူး။

 

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတာဟာ တတိယအကြိမ် ဖြစ်ပါတယ်။ ပြည်ပ အင်အားစုတွေ၊ အထူးသဖြင့် ဒေသတွင်း လက်တွဲဖော်တွေ အနေနဲ့ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ တင်းပြည့်ကျပ်ပြည့် မဟုတ်တဲ့တိုင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေ ခြေလှမ်း စတင်လာတာကိုတောင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုတွေ ရှိခဲ့မှန်း နားလည်ဖို့ လိုပါတယ်။ ပထမဆုံး အနေနဲ့ မြန်မာပြည်သူတွေဟာ ရာစုနှစ်ဝက်နီးပါး အာဏာရှင် ကြီးစိုးမှု စနစ်အောက်မှာ ပြားပြားဝပ်နေခဲ့ရတဲ့အတွက် အဲဒီ အခြေအနေကနေ လွတ်မြောက်လာမယ့် ဘယ်လို အပြောင်းအလဲကိုမဆို ကြိုဆိုခဲ့ကြပါတယ်။ ဒုတိယ အချက်ကတော့ အဲဒီတုန်းက စစ်အစိုးရဟာ နိုင်ငံပိုင်နက်၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေး မူဝါဒ အားလုံးကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်တဲ့အတွက် ပြုပြင်ပြောင်းလဲရေး ကိစ္စတွေမှာ သူ့သဘော သူ့ဆန္ဒနဲ့အညီ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

 

တတိယ အချက်ကတော့ အရမ်း အရေးကြီးပါတယ်။ အဲဒီ အသွင်ကူးပြောင်းမှုက စစ်တပ်ကိုယ်တိုင်ရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံး ရွေးချယ်မှုလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် စတင် ခြေချနိုင်အောင် လမ်းဖွင့်ပေးလိုက်တဲ့နောက် စစ်တပ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကနေ လွတ်ကင်းသွားပြီး စီးပွားရေး အကျိုးအမြတ် ဖြစ်ထွန်းမှုတွေ ပိုမို ခံစားလာရတယ်။ အာရပ် နွေဦး တော်လှန်ရေး လှုပ်ရှားမှုတွေ အောင်မြင်ခဲ့ပြီး ကာလရှည် ကြီးစိုးခဲ့တဲ့ အာဏာရှင်တွေ ပြိုလဲနေတာကို မြန်မာ စစ်ခေါင်းဆောင်တွေက သတိပြုမိခဲ့ခြင်းကြောင့်လည်း အဲဒီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ဆက်ပြီး ရှင်သန်နေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

 

ဒါပေမဲ့ အရပ်သား အစိုးရစစ်စစ်ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရသစ် အာဏာရလာပြီး လွှတ်တော်ထဲမှာ တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ခန့်အပ်ခွင့် ရထားတဲ့ စစ်တပ်ရဲ့ ဗီတိုအာဏာကို ဖယ်ရှားဖို့အတွက် ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင် ရေးဆွဲဖို့ လက်တွေ့ကျကျ ကြိုးစားလာတဲ့အခါ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးကို ချုပ်ကိုင်ထားတဲ့ စစ်တပ်က သူတို့အတွက် အန္တရာယ်အဖြစ် ရှုမြင်လာပါတယ်။ တကယ်တော့ မြန်မာစစ်တပ်ဟာ အာဏာကို လက်တွေ့ စွန့်လွှတ်ပေးဖို့ ဘယ်တုန်းကမှ ရည်မှန်းချက် မရှိခဲ့ဘူးဆိုတာ အခုတော့ အရမ်း ထင်ရှားမြင်သာသွားပါပြီ။

 

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၆ ခုအတွင်းမှာ အကြိမ်ကြိမ် အာဏာသိမ်းခဲ့ပြီး စက်ဆုပ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဖွဲ့အစည်း တခုတည်းကပဲ ဒိုင်ခံကျူးလွန်နေတယ်ဆိုတဲ့ အရှိတရားကတင် နိုင်ငံတကာ အသိုက်အဝန်းကို လှုပ်နှိုးသင့်နေပါပြီ။ အဲဒီအဖွဲ့အစည်း၊ အတိအကျ ပြောရရင် မြန်မာစစ်တပ်နဲ့ အပေးအယူလုပ် ညှိနှိုင်းဖို့ အားထုတ်နေတယ် ဆိုတာကတင် ကျင့်ဝတ်ပိုင်းအရ အတော့်ကို ညစ်နွမ်းသွားမှာ စိုးရိမ်သင့်နေပါပြီ။ အာဏာသိမ်းမှုတွေ ဖြစ်ခဲ့ပြီးပါပြီ။ စစ်တပ်က နိုင်ငံရေးမှာ တနည်းတဖုံ ခြယ်လှယ်နေဦးမယ်၊ ဒါမှမဟုတ် စစ်တပ် အလိုကျ စီမံထားတဲ့ အတုအယောင် ရွေးကောက်ပွဲကနေတဆင့် အရပ်သား အုပ်ချုပ်မှု စနစ်ဆီ ကူးပြောင်းမယ် ဆိုတာမျိုး ကိစ္စတွေ ရှိနေသ၍ နောက်ထပ်လည်း အာဏာသိမ်းမှုတွေ ထပ်ဖြစ်လာပါလိမ့်မယ်။

 

မြန်မာ့အရေးအတွက် အမှန်တကယ် စိုးရိမ်ပေးနေတဲ့ မိတ်ဖက်တွေ၊ ဒေသတွင်းက လက်တွဲဖော်တွေ အနေနဲ့ အာဏာသိမ်း မြန်မာစစ်တပ်ဟာ ကိုယ်တိုင် ပျက်စီးရာ ပျက်စီးကြောင်းဆီ ဦးတည်နေပြီး တော်လှန်ရေးကလည်း အရှိန်ဆက်ကောင်းနေမယ် ဆိုတာကို ရိုးရိုးလေး နားလည်ဖို့ လိုပါတယ်။ ဒီတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို အမြန်ဆုံး ပြီးဆုံးစေချင်တယ်ဆိုရင် ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေး အင်အားစုတွေ အနိုင်ရအောင် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းနဲ့ ကူညီပေးခြင်းကသာ လက်တွေ့ အကျဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

 

ဒီမိုကရေစီရဲ့ ဘက်တော်သားတွေပါဆိုတဲ့ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂတို့ဟာ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းရှင်တွေ၊ အဖွဲ့အစည်းတွေအပေါ် တင်းတင်းကျပ်ကျပ် အရေးယူ ပိတ်ဆို့တာတွေ ဆက်လက် လုပ်ဆောင်သင့်ပါတယ်။ တဖက်မှာလည်း ဗြိတိန်နဲ့ ဥရောပ သမဂ္ဂတို့ဟာ ဥရောပရဲ့ တံခါးဝလို့ ဆိုရမယ့် ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ်မီး တောက်လောင်နေမှုမှာ အတော်ကြီး အာရုံစိုက်ပြီး ဗျာများနေရပြန်တယ်။

 

အရင်တုန်းက အမေရိကန် လွှတ်တော်မှာ EROတွေနဲ့ PDFတွေအတွက် လူကို သေစေနိုင်တာ မဟုတ်တဲ့၊ တနည်းအားဖြင့် လက်နက် မဟုတ်တဲ့ အထောက်အပံ့တွေ ပေးပို့နိုင်ရေး လမ်းဖွင့်ပေးလိုက်တဲ့ U.S. Burma Act ဥပဒေဟာ လမ်းကြောင်းမှန်ပေါ် ဦးတည်နေတဲ့ အားတက်စရာ ညွှန်ကိန်းတခု ဖြစ်လာပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ မိတ်ဖက် EROတွေဟာ လက်ရှိထက် ပိုမိုတဲ့ သံတမန်ရေး ထိတွေ့မှုတွေကို တရားဝင်ရော၊ နောက်ကွယ်မှာပါ လိုအပ်နေပါတယ်။ ဒါမှသာ မိတ်ဖက် ဖြစ်လာနိုင်တဲ့ အင်အားစုတွေ၊ အထူးသဖြင့် ဒေသတွင်း နိုင်ငံတွေရဲ့ အစိုးရတွေနဲ့ ပိုပြီး ထိထိရောက်ရောက် ဆွေးနွေး ညှိနှိုင်းနိုင်ကြပါလိမ့်မယ်။

တကယ်တမ်းကျတော့ အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ကြီး (အာဆီယံ)က မြန်မာ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘုံသဘောတူညီချက် ၅ ရပ် ဆိုတာကို ရေးဆွဲ ချမှတ်ခဲ့ပေမယ့် လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့နိုင်ရေးဆိုတဲ့ ၁ ချက်လောက်ပဲ အနာဂတ်မှာ လက်တွေ့ ဖြစ်နိုင်ခြေ ခပ်ရေးရေး မြင်နေရပါတယ်။ အာဆီယံရဲ့ ထောက်ပံ့ရေး ယာဉ်တန်း တခုကို စစ်တပ်ရဲ့ အပေါင်းအဖော် လက်နက်ကိုင် အဖွဲ့တခုက တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကြောင့်တော့ အဲဒီ ထောက်ပံ့ရေး အားထုတ်မှုတွေကို မရပ်တန့်လိုက်သင့်ပါဘူး။ အဲဒီအစား လုပ်ထုံးလုပ်နည်းတွေကို ပြန်စဉ်းစား သုံးသပ်တာမျိုးတွေ ရှိသင့်ပါတယ်။ ထောက်ပံ့ရေး ပစ္စည်းတွေကို အာဏာသိမ်း စစ်တပ်ရဲ့ လက်အောက်ကနေ ဖြန့်ဝေ ပေးပို့တာမျိုး မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံတွေက အာဆီယံရဲ့ စံနှုန်းတွေနဲ့အညီ နယ်စပ်ဖြတ်ကျော် ထောက်ပံ့တာမျိုး နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။

 

အာဆီယံက EROတွေနဲ့ ချဉ်းကပ်ဆွေးနွေးတဲ့ အခါမှာလည်း လူသားချင်း စာနာမှု အထောက်အပံ့တွေ ထိထိရောက်ရောက် ပို့ဆောင်နိုင်ရေးဆိုတဲ့ အဓိက ရည်မှန်းချက်ကို အာရုံစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ EROတွေရဲ့ ထိန်းချုပ်နယ်မြေတွေက နယ်စပ်ဒေသတွေမှာ တည်ရှိနေတာကြောင့်ပါ။

 

နောက်တခုက တရုတ်ရဲ့ သဘောထားနဲ့ အခန်းကဏ္ဍပါ။ တရုတ်ဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံထဲက တင်းမာမှုတွေကို ပြေလျော့စေချင်နေပြီး မြန်မာပြည်သူတွေကြားမှာ တရုတ် ဆန့်ကျင် မုန်းတီးမှု အစွဲတွေ မြင့်တက်လာတာကိုလည်း လျော့ပါးစေချင်နေပါတယ်။ ဒါဆိုရင် တရုတ်ဟာ မြန်မာ့အရေးမှာ လက်တွေ့ ထဲထဲဝင်ဝင် ညှိနှိုင်းပေးနိုင်စွမ်းရှိတဲ့ ဒေသတွင်း အင်အားစု တခုအနေနဲ့ လိုက်လျောညီထွေ ပြုမူပြီး ယုံကြည်မှု တည်ဆောက်သင့်ပါတယ်။ အိမ်နီးချင်း နိုင်ငံအားလုံးထဲမှာ တရုတ်ဟာ အာဏာသိမ်း မြန်မာ စစ်ဗိုလ်ချုပ်တွေအပေါ် ဩဇာ အညောင်းဆုံး ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုအပေါ် တရုတ်က အသိအမှတ်ပြုမလား၊ ရုပ်သိမ်းမလား ဆိုတာမျိုးက ရှေ့ဆက် ထိတွေ့ ဆက်ဆံမှုတွေအတွက် အများကြီး အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

 

လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေကို အင်တိုက်အားတိုက် ဆက်လက် ထောက်ပံ့ပေးနေခြင်းက တော်လှန်ရေး အဖွဲ့အစည်းတွေအတွက် ဝန်ထုပ်ဝန်ပိုးတွေ သိသိသာသာ လျော့ပါးသွားစေမှာပါ။ ဒါဆိုရင် စစ်တပ်ကို တော်လှန်ဖို့၊ အနိုင်တိုက်ဖို့ ပိုပြီး အာရုံစိုက်လာနိုင်ပါလိမ့်မယ်။

 

ပြီးတော့ အာဆီယံနဲ့ အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့လည်း စစ်တပ်ရဲ့ ဖိနှိပ် ရန်လိုမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ မြန်မာ ဒုက္ခသည်တွေကို ယာယီ ခိုလှုံခွင့်တွေ ထောက်ပံ့ပေးတာ၊ မြန်မာ ဒုက္ခသည်တွေအတွက် သင့်တော်မယ့် ဗီဇာ အစီအမံတွေနဲ့ တခြားလမ်းကြောင်းတွေ ဖော်ဆောင်ပေးပြီး ခိုလှုံခွင့် ပြုထားရာ အိမ်ရှင်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုမှာ တတပ်တအား ပါဝင် လုပ်ကိုင်နိုင်အောင် စီစဉ်ပေးတာတွေ ရှိသင့်ပါတယ်။ တကယ်တော့ ပြည်ပရောက် မြန်မာတွေဆီက နိုင်ငံရေး၊ လူမှုရေးနဲ့ ဘဏ္ဍာရေး ထောက်ပံ့ ကူညီနေတာတွေ၊ ဒေါ်လာ သန်းနဲ့ချီ များပြားတဲ့ ငွေကြေး ပံ့ပိုးမှုတွေကပဲ မြန်မာ စစ်အာဏာရှင်တွေကို ဆက်လက် ရင်ဆိုင် တိုက်ခိုက်ဖို့ အရေးပါတဲ့ တွန်းအားတွေ ဖြစ်လာစေခဲ့ပါတယ်။ အဲဒီတော့ ပြည်ပမှာ မြန်မာ လုပ်သားတွေကို အန္တရာယ်ကင်းကင်းနဲ့ အလုပ်လုပ်နိုင်အောင် ကူညီ စောင့်ရှောက်ခြင်းက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို တဖက်တလမ်းက အားပေးတဲ့ အဓိပ္ပါယ်လို့လည်း သတ်မှတ်နိုင်ပါတယ်။

 

ပြည်ပကနေ နောက်ထပ် ထောက်ပံ့ကူညီနိုင်တဲ့ တခြား အခြေအနေတွေ ရှိနေသေးတယ် ဆိုပေမယ့် NUGကလည်း လက်တွေ့ကျတဲ့ နိုင်ငံခြားရေး မူ​ဝါဒ တခုကို ပီပီပြင်ပြင် ဖော်ဆောင်ဖို့ လိုပါတယ်။ ကိုယ့်နိုင်ငံ အကျိုးကိုပဲ ပဓာနထားတဲ့ သဘောထား ဝါဒတွေကို ထိတွေ့ ဆက်ဆံနိုင်ဖို့အတွက် ဘာတွေ လုပ်မလဲ ဆိုတာကို ဆုံးဖြတ်ထားနိုင်ဖို့ လိုပါတယ်။ စစ်ကောင်စီနဲ့ မဆက်ဆံကြပါနဲ့၊ NUGကိုပဲ အသိအမှတ် ပြုပေးပါ ဆိုတာမျိုးတွေ အဖန်တလဲလဲ တောင်းဆိုနေရုံနဲ့ မလုံလောက်ပါဘူး။တက်ကြွ လှုပ်ရှားမှုဟာ သံရေးတမန်ရေး မဟုတ်ပါဘူး။ နေပြည်တော်နဲ့ လက်အောက်ခံ ဗျူရိုကရက် ယန္တရားတွေကို စစ်ကောင်စီက ချုပ်ကိုင်ထားသ၍ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တခြားနိုင်ငံတွေဟာ သူတို့ကို အတိုင်းအတာ တခု၊ အဆင့်တခုထိ မလွှဲမရှောင်သာ ဆက်ဆံနေရဦးမှာပါ။ တခြားတဖက်မှာလည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် ထိုင်ခုံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ရှိနေသေးသ၍ နိုင်ငံတကာ ဥပဒေတွေအရ စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

 

ဒီအခြေအနေမှာ NUGဟာ လက်တွေ့ကျတဲ့ ဖြစ်နိုင်ခြေ အားလုံးကို တွက်ဆပြီး အလားအလာရှိမယ့် လက်တွဲဖော်တွေကို ချဉ်းကပ်ဖို့ လိုနေပါပြီ။ အထူးသဖြင့် မြန်မာ့ အိမ်နီးချင်းတွေနဲ့ အာဆီယံ အသိုက်အဝန်းကို လူသိရှင်ကြားရော၊ နောက်ကွယ်က လျှို့ဝှက် ဆွေးနွေးမှုတွေနဲ့ပါ ချဉ်းကပ်ပြီး အထောက်အပံ့တွေ ရှာဖွေဖို့ လိုပါတယ်။ ရလာနိုင်တဲ့ အကူအညီ အတိုင်းအတာတွေက သက်ဆိုင်ရာ နိုင်ငံတွေရဲ့ မြန်မာအပေါ် သဘောထား၊ လုပ်နိုင်ကိုင်နိုင်စွမ်း၊ နောက်ပြီးတော့ မြန်မာနိုင်ငံနဲ့ ဆက်နွှယ်တဲ့ အကျိုးစီးပွားတွေအပေါ် မူတည်ပြီး အများကြီး ကွဲပြားသွားနိုင်ပါတယ်။ အမေရိကန်နဲ့ ဒီမိုကရေစီ လိုလားတဲ့ မဟာမိတ်တွေဆီက အကူအညီတွေကလည်း အရေးကြီးပါလိမ့်မယ်။ ဒါပေမဲ့ တော်လှန်ရေး အောင်နိုင်ဖို့ဆိုရင် ဒေသတွင်းနဲ့ အိမ်နီးချင်း နိုင်ငံတွေက အဓိက အကျဆုံး ကူညီနိုင်မှာ ဖြစ်ပါတယ်။

 

ခြုံပြီး ပြောရမယ် ဆိုရင်တော့ မြန်မာ့ ပဋိပက္ခကို ကူညီ ဖြေရှင်းပေးဖို့ ကြိုးစားနေတဲ့ ပြည်ပ အင်အားစုတွေ အနေနဲ့ စစ်အာဏာရှင်တွေ ရှုံးနိမ့်ခြင်းကသာ လက်တွေ့ မှန်ကန်တဲ့ ရလဒ်တွေဆီ ဦးတည်စေမယ် ဆိုတာကို နားလည်ဖို့ လိုပါတယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီ အင်အားစုတွေကလည်း အရှိတရားတွေကို အခြေခံတဲ့ မျှော်လင့်ချက်တွေကို လက်ကိုင်ထားရင်း သံတမန်ရေးရာ အောင်မြင်မှုတွေ ရရှိလာဖို့ အာရုံစိုက်သင့်ပါတယ်။ ရှုထောင့်ပေါင်းစုံက ပါဝင် အားဖြည့်မှုတွေကသာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် တခုတည်းသော လမ်းကြောင်းမျိုး ဖြစ်ပါတယ်။

 

(The Diplomat၏ There’s No ‘Political Solution’ to Myanmar’s Crisis ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)