ပုလဲမြို့နယ် ကြားကာလ တရားစီရင်ရေး အဖွဲ့တရားသူကြီး ဦးပုဏ္ဏကို ဗိုလ်နဂါးအဖွဲ့ဖမ်းဆီး

ဇွန်၊ ၉

 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကိုင်းမြို့နယ်၊ ပုလဲမြို့နယ် ကြားကာလပြည်သူ့တရားစီရင်ရေးအဖွဲ့မှ တရားသူကြီးတဦးဖြစ်တဲ့ ဦးပုဏ္ဏက (ခေါ်) ဦးဇာနည်မောင်ကို ဗိုလ်နဂါးရဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)တပ်ဖွဲ့ဝင်တွေက ဇွန်လ ၇ ရက်က ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရပါတယ်။
 
မင်းတိုင်ပင်ရွာမှာ မနက် ၈ နာရီခန့်မှာ အမှုသွားစစ်ပြီး ပြန်လာတဲ့ ဦးပုဏ္ဏက ကို MRDA မှ လက်နက်တွေနဲ့ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဇော်ထက်က ပြောပါတယ်။
 
“ ညနေပိုင်းမှာ ပြန်ရောက်တဲ့အချိန် ပြန်မရောက်လို့ တရားရေးတာဝန်ခံကို လှမ်းမေးတာ တရားရေးတာဝန်ခံကလည်း တောင်ပေါ် အမှုစစ် သွားရတယ်။ လူကမလောက်တော့ ခွဲ သွားရတာပေါ့။ သူ့ကို လှမ်းမေးမှ သူနဲ့လည်း ပါမလာဘူးဆိုတော့ အဖမ်းခံရပြီဆိုတာ သိလိုက်ရတာပေါ့ “ လို့ ကိုဇော်ထက်က ပြောပါတယ်။
 
မင်းတိုင်ပင်ရွာမှာ အမှုတမှုအတွက် အချက်အလက်တွေ စုဆောင်းဖို့ သွားတဲ့အချိန် လက်ပကန်ကျေးရွာနဲ့ ကုက္ကိုလ်ကုန်းရွာ ကြားမှာ တော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA )အဖွဲ့က ဖမ်းဆီးလိုက်တာလည်း ဖြစ်တယ်လို့ ပြောပါတယ်။
 
“ တရားရေးအဖွဲ့ဝင်ကို ဖမ်းရတာက လျှပ်စစ်မီတာကြေးတွေ အလွဲသုံးစားလုပ်လို့ဆိုပြီး အကြောင်းပြတယ်။ ဒီကြားလက လုပ်တာလားဆိုတော့လည်း မဟုတ်ပြန်ဘူးပေါ့။ အာဏာမသိမ်းတုန်းက ကိုပုဏ္ဏက ကျေးရွာလျှပ်စစ် မီးကော်မတီထဲမှာ ပါတယ်။ အဲ့ဒါကို အကြောင်းပြတာပေါ့နော် “ လို့ သူကပြောပါတယ်။
 
တော်ဝင်နဂါးတပ်တော် MRDA က ခေါင်းဆောင်ဗိုလ်နဓါးကတော့ တရားသူကြီး ပုဏ္ဏက ကို ဖမ်းဆီးထားတာ မှန်ကန်ကြောင်းနဲ့ ဖမ်းဆီးခံရသူဟာ သူတို့ရဲ့အဖွဲ့ဝင်ဟောင်းဖြစ်တယ်လို့ DNA ကိုပြောဆိုပါတယ်။
 
“ NUG က ခန့်အပ်ထားတဲ့ တရားရေးအဖွဲ့ဝင် တရားသူကြီး ပုဏ္ဏက အနေနဲ့ ဖမ်းတာမဟုတ်ဘူး။ ကျွန်တော့်ရဲ့ ရဲဘော််ဟောင်း၊ အဖွဲ့အစည်းကို စည်းကမ်းဖောက်ဖျက်သွားတဲ့ ရဲဘော််ဟောင်း တယောက်အဖြစ်နဲ့ ဖမ်းဆီးထိန်းသိမ်းတာ၊ ကျေးရွာရဲ့ မီးကော်မတီဝင်တယောက်အနေနဲ့၊ ကျွန်တော့်ရဲ့ ညီဝမ်းကွဲလည်း တော်စပ်တဲ့ တယောက်အနေနဲ့ရော ဆုံးမဖို့ အပြစ်ပေးဖို့ ဖမ်းဆီးထိမ်းသိမ်းတာ ” လို့ ဗိုလ်နဂါးက ပြောပါတယ်။
 
မြို့နယ်တရားသူကြီး ဦးပုဏ္ဏက ဖမ်းဆီးခံရမှုအတွက် ပြီးခဲ့တဲ့ဇွန်လ ၈ ရက်မနေ့က နှစ်ဖက်တွေ့ဆုံညှိနှိုင်းခဲ့ကြတယ်လို့လည်း ကိုဇော်ထက်က ဆိုပါတယ်။
 
အဲဒီတွေ့ဆုံမှုမှာ ဖမ်းဆီးခံရတဲ့ သူ့ကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းပေးမယ်လို့ MNDR အဖွဲ့က ကတိပြုခဲ့သော်လည်း ယနေ့ထိ ပြန်မလွှတ်တဲ့အတွက်အသက် အန္တရာယ်နဲ့ လုံခြုံရေးကို စိုးရိမ်နေတယ်လို့ ဆက်ပြောပါတယ်။
 
“လွှတ်ပေးမယ်ဆိုတာက ဒီလိုမျိုးလေ။ ကိုဇာနည်မောင်က အဖွဲ့အစည်းကို ပုံဖျက်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးတော့ တောင်းပန်တဲ့ဟာ နောက်ပြီးတော့ မင်းတို့က တရားဝင်လို့လားလို့ စော်ကားခဲ့တဲ့အကြောင်းကို ပုံဖျက်ပေးခဲ့တဲ့ ပုလဲ Entertainment ကပဲ ပြန်ပြီးတော့ ပြန်တင်ပေးရမယ်။ အဲ့လိုပြန်တင်ပေးတာနဲ့ သူလုပ်ခဲ့တဲ့ အမှုတွဲတွေနဲ့ ကျွန်တော်တို့က အပ်မယ်။ အဲ့တာကို အရေးယူပြီးတော့ အခုပေးထားတဲ့ မသင့်လျော်တဲ့ တရားစီရင်ရေးကဏ္ဍကနေ ရပ်စဲပေးရမယ် ” လို့ ဗိုလ်နဂါးက တုန့်ပြန်ပြောဆိုပါတယ်။
 
“ နောက်တခုက ကျွန်တော်တို့က ရိုက်နှက်နှိပ်စက်နေမှာလည်း မဟုတ်ဘူး။ သိသင့်သိထိုက်တဲ့ ဝန်ကြီးဌာနတွေကိုလည်း အသိပေးထားပြီးပြီ “ လို့လည်း ဗိုလ်နဂါးက ဖြည့်စွက်ပြောပါတယ်။
 
တရားသူကြီး ဦးပုဏ္ဏက ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို စာတင်ထားပေမယ့် အခုချိန်ထိ အကြောင်းကြားတာမျိုးတွေ မရှိသေးဘူးလို့လည်း ကိုဇော်ထက်က ပြောကြားပါတယ်။
 
“ သူ့အနေနဲ့ အဖွဲ့အစည်းကို တောင်းပန်တာ၊ မသင့်လျော်တဲ့ ရာထူးကနေ ထုတ်ပယ်ပြီးသွားရင် ကျွန်‌တော်တို့က သူ့ကို လွှတ်ပေးလိုက်မှာ။ အဲ့ခါကျရင် သူ့အနေနဲ့ MRDA ကနေ လုံးဝလွတ်လပ်တဲ့သူ အနေနဲ့ရှေ့ဆက်လို့ရပြီ ” လို့ ဗိုလ်နဂါးက ဆိုပါတယ်။
 
ဓာတ်ပုံ – Capture : ပုလဲ Entertainment