ပြည်မြို့နယ်က တပ်မိသားစုဝင် ကျောင်းသားတွေကို လုံခြုံရေးနဲ့ ဖယ်ရီမပေးတော့လို့ တပ်တွင်းကျောင်းနဲ့ ပုဂ္ဂလိ ကကျောင်းတွေမှာ တက်သူများလာ

ဇွန်၊ ၉
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်အတွင်းက စစ်တပ်မိသားစုဝင် ကျောင်းသားတွေကို အကြိုအပို့နဲ့ လုံခြုံရေး မပေးနိုင်တော့တာကြောင့် အခုပညာသင်နှစ်ကစပြီး တပ်တွင်းကျောင်းတွေနဲ့ ပုဂ္ဂလိကမှာပဲ တက်ရောက်နေကြတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေဆီက သိရပါတယ်။
 
” ကျောင်းသားတွေ လုံခြုံရေးတော့ မဟုတ်ဘူးဗျ၊ သူတို့ တပ်ဖွဲ့ဝင်တွေ လုံခြုံရေးကို စိုးရိမ်တာပေါ့၊ အရင် နှစ်နှစ်က ကျောင်းတိုင်းမှာလည်း လုံခြုံရေး ပေးထားနိုင်တယ်၊ (အခုက)အထက်တန်းကျောင်းမှာပဲ တပ်ဖွဲ့ဝင် နှစ်ယောက် လောက်ပဲ ထားတော့တယ်၊ ပြင်ပကျောင်းတွေ မတက်ရဘူးဆိုတာမျိုးတော့ မဟုတ်ပါဘူး၊ တက်ချင်တဲ့ကျောင်းတက် ကိုယ့်တာဝန်ကိုယ်ယူ ဆိုတဲ့ ပုံစံမျိုးပါ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တပ်တွင်းသတင်းရင်းမြစ်တဦးက DNA ကိုပြောပါတယ်။
 
ပြည်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေမှာ ပြီးခဲ့တဲ့ စာသင်နှစ်အထိ တပ်မိသားစုဝင် ကျောင်းသားတွေကို စစ်ကားနဲ့ အကြို၊ အပို့ လုပ်ပေးခဲ့တာ ရှိပေမယ့် ဒီနှစ်မှာတော့ အဲ့ဒီအစီအစဉ်ကို ရပ်နားလိုက်ကြောင်းနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျောင်းတက်ကြဖို့ တပ်ရင်းမှူးတွေက နှုတ်မိန့်ပေးလာတာလို့ သူကဆိုပါတယ်။
 
ပြည်မြို့မှာ (၆၆)တပ်၊ ခလရ (၇၅)၊ (၉၁၁)၊ စစ်ရင်း စစ်တပ်၊ လျှပ်စစ်တပ်၊ BE-ME၊ ဒကစနဲ့ ကုတင် ၁၀၀ စစ်ဆေးရုံက တပ်မိသားစုဝင် ကျောင်းသားတွေဟာ ပြည်မြို့ အမှတ် (၃)ကျောင်းမှာ အများဆုံး တက်ရောက်လေ့ရှိကာ အောင်လံမြို့ ကျော်စွာ (ကပစ-၇)သံချပ်ကာတပ်က ကျောင်းသားတွေကတော့ အမှတ် (၅)အထက်တန်းကျောင်းမှာ တက်ရောက်လေ့ရှိတယ်လို့ သိရပါတယ်။
 
အခုနှစ်မှာတော့ တပ်ရင်းမှူးတွေရဲ့ နှုတ်မိန့်ကြောင့် တပ်တွင်းကနေ တပ်ပြင်ပကျောင်းတွေမှာ တက်ရောက်တဲ့ ကျောင်းသားဦးရေ သိသိသာသာ လျော့နည်းသွားတယ်လို့ ဆိုပါတယ်။
 
တပ်တွင်းမူလတန်းကျောင်းတွေကိုလည်း အလယ်တန်းကျောင်းတွေအဖြစ် အဆင့်မြင့်တင်လိုက်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေထဲက အခြေခံပညာအထက်တန်း အောင်မြင်ထားသူတွေကို တာဝန်ပေး သင်ကြားခိုင်းတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။
 
” အမှတ် ၃ ကျောင်းမှာ သူတို့သားသမီးတွေကို အများဆုံးထားတာ အဲ့ဒီကျောင်းမှာ မနှစ်ကဆို ၈ တန်း နှစ်ခန်းရှိတယ်၊ တခန်းကို ရှစ်ဆယ်နဲ့အထက်ပေါ့၊ အခုနှစ်မှာ တခန်းပဲ ရှိတော့တယ်၊ ဒါတောင် ငါးဆယ်မကျော်ဘူး၊ တပ်ထဲက ကျောင်းသားတွေကတော့ အတော်ကို နည်းသွားတယ် ” လို့ အငြိမ်းစားကျောင်းဆရာတဦးက ပြောပါတယ်။
 
တပ်မိသားစုဝင်တွေကို တပ်ပြင်ပကျောင်းတွေမှာ မထားဖို့ တရားဝင် အမိန့်ထုတ်တာမျိုး မဟုတ်ပေမယ့် ကိုယ့်အစီအစဉ်နဲ့ကိုယ် အဆင်ပြေရာ ကျောင်းတွေမှာ ထားဖို့နဲ့ လုံခြုံရေး တာဝန်မယူနိုင်တော့ကြောင်း အသိပေးလာတဲ့သဘော ဖြစ်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။
 
ငွေကြေးတတ်နိုင်တဲ့ စစ်တပ်အရာရှိတွေရဲ့ သားသမီးတွေနဲ့ တပ်တွင်းမိသားစုဝင် ကျောင်းသားတွေကတော့ ပုဂ္ဂလိက ကျောင်းတွေမှာ တက်ရောက်ကြပြီး ပြည်မြို့နယ်အတွင်းက ပုဂ္ဂလိကကျောင်းတွေမှာ တက်ရောက်တဲ့ ကျောင်းသားဦးရေ အခုနှစ်မှာ သိသိသာသာတိုးလာပြီး တကျောင်းကို ကျောင်းသားဦးရေ တထောင်ဝန်းကျင်အထိ ရှိနေနိုင်တယ်လို့ ပညာရေးဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။
 
ဓါတ်ပုံ – Federal Wings