စစ်ကောင်စီရဲ့ အောင်ဘာလေ အွန်လိုင်းထီ စနစ်ကို မိုင်တဲ က လုပ်ကိုင်ခွင့်ရ

ဇွန်၊ ၉
 
စစ်ကောင်စီက မနေ့က စတင်ဖွင့်လှစ်လိုက်တဲ့ အောင်ဘာလေ အွန်လိုင်းထီစနစ်ကို စစ်တပ်လုပ်ငန်းတခုဖြစ်တဲ့ မိုင်တဲကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိသွားတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
 
အဲဒီ အောင်ဘာလေ အွန်လိုင်းထီ စတင်ဖွင့်လှစ်တဲ့ အခမ်းအနားကို နေပြည်တော်မှာ မနေ့ကပြုလုပ်ခဲ့တာဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။
 
အဲဒီဖွင့်ပွဲပြုလုပ်မှပဲ အွန်လိုင်းထီစနစ်ကို မိုင်တဲက လုပ်ခွင့်ရတာလို့ အသိပေးခဲ့ပြီး အကျိုးအမြတ်ခွဲဝေမှု ဘယ်လိုကျင့်သုံး သဘောတူထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရပါဘူး။
 
စစ်ကောင်စီက အွန်လိုင်းထီစနစ်ကို စတင်ဖို့ အာဏာသိမ်းပြီး လပိုင်းအကြာမှာကတည်းက အသိပေးခဲ့တာဖြစ်ပြီး ၂၀၂၁ နှစ်လယ်ပိုင်းမှာ နည်းပညာပူး ပေါင်းဆောင်ရွက်လိုတဲ့ ပြည်တွင်း/ပြည်ပ ကုမ္ပဏီတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။
 
အဲဒီလို ဖိတ်ခေါ်ရာမှာ ကုမ္ပဏီတော်တော်များများက ဆက်သွယ်လာခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ အောင်ဘာလေ သိန်းဆုဌာနက ဝါဒဖြန့်ခဲ့ပြီး အရေအတွက်ကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ဘဲ နောက်ဆုံးမှာ စစ်တပ်ပိုင် မိုင်တဲ က လုပ်ပိုင်ခွင့်ရသွားခဲ့တာ ဖြစ်ပါတယ်။
 
” နဂိုကတည်းက ပွင့်လင်းမြင်သာမှု မရှိခဲ့တာ၊ သူတို့ပဲ စီးပွားရေး လုပ်ခွင့်ရသွားတာပဲ၊ ကျွန်တော်တို့ လောကထဲမှာတော့ ဒီလိုပဲဖြစ်လာမယ်ဆိုတာ သတင်းတော့ ကြားနေခဲ့တယ်၊ ထင်တဲ့အတိုင်းပဲ ဖြစ်လာတာ ” လို့ ထီကိုယ်စားလှယ်တဦးက ပြောပါတယ်။
 
စစ်ကောင်စီက အွန်လိုင်း ထီစနစ်ကို စတင်ကြောင်း ကြေညာလိုက်ပေမယ့် အခုရောင်းချဖွင့်လှစ်မယ့်စနစ်က နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အွန်လိုင်းထီ စနစ်စံနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း ထီလောက အသိုင်းအဝိုင်းက ဆိုပါတယ်။
 
စစ်ကောင်စီက ကျင့်သုံးမယ့် အွန်လိုင်းထီဟာ ပုံမှန်ထီစာရွက်စနစ်ကိုဘဲ အခြေခံထားပြီး အွန်လိုင်းကနေ ဝယ်ယူနိုင်တဲ့ ပုံစံသာ အသစ်ဖြစ်သွားတာလို့ သူတို့က ပြောပါတယ်။
 
” ဆုငွေကလည်း အပြောင်းအလဲ မရှိဘူး၊ ထီလက်မှတ်ကလည်း ထူးမလာဘူး၊ နိုင်ငံတကာ အွန်လိုင်းထီတွေနဲ့ ယှဥ်ရင် စွဲဆောင်မှု ရှိမနေဘူး ” လို့ ပန်းဘဲတန်းမြို့နယ်က ဝါရင့်ထီကိုယ်စားလှယ်တဦးက ပြောပါတယ်။
 
စစ်ကောင်စီက ပုံမှန်ထီစာရွက်ကို “က” အက္ခရာကနေ “စ” အက္ခရာအထိ အက္ခရာ ခြောက်လုံး၊ အွန်လိုင်းထီအတွက် “ဆ” အက္ခရာကနေ “ဌ” အက္ခရာအထိ အက္ခရာခြောက်လုံး ဖြန့်ဝေ ရောင်းချမှာလို့ ကြေညာချက်တွေအရ သိရပါတယ်။
 
ထီလက်မှတ်ခကတော့ ပုံမှန်ထီစာရွက်နှုန်းအတိုင်း တစောင် တထောင်ကျပ် ဖြစ်တယ်လို့ ဆိုပါတယ်။ ထီကံထူးလို့ ကျပ်ဆယ်သိန်းအောက်ဆု ဆိုရင် အွန်လိုင်း ငွေပေးချေမှုစနစ်ကနေ ငွေလွှဲပို့သွားမှာ ဖြစ်တယ်ဆိုပြီးတော့လည်း အသိပေးထားပါတယ်။
 
အခုလို အွန်လိုင်းထီစနစ်ပြောင်းတာဟာ ခေတ်ကာလနဲ့ ကိုက်ညီအောင်နဲ့ ထီလက်မှတ်ခ စျေးကြီးမြင့်မှုကို ထိန်းချုပ်အောင်နိုင်ဖို့လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဆိုပါတယ်။
 
ဒါပေမယ့် ပြည်သူအများစုဟာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီ ဝင်ငွေရလမ်းကို ဆန့်ကျင်တဲ့အနေနဲ့ အောင်ဘာလေထီ ဝယ်ယူကံစမ်းမှုကို ရပ်ထားကြပါတယ်။
 
အဲဒါကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထီလက်မှတ်ရောင်းအား တရှိန်ထိုး ကျဆင်းသွားခဲ့ပြီး အမြင့်ဆုံးဆုငွေကို အရင် ကျပ်သိန်း တသောင်းခွဲအစား ကျပ်သိန်း ငါးထောင်သာ ပေးနိုင်တော့တဲ့အထိ အခြေအနေဆိုးရွားခဲ့ပါတယ်။
 
အဲဒီလို ထီရောင်းအားကျဆင်းခဲ့လို့ အရင်ထီလက်မှတ်ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ဆုငွေပြန်ခွဲပေးရာကနေ ၇၀ ရာခိုင်နူန်း ဆုငွေခွဲပေးတာ၊ အက္ခရာနဲ့ ဂဏန်းတလုံးတူရင် ကျပ်တစ်သောင်းဆု ပေးတာမျိုးနဲ့ ပြန်စည်းရုံးခဲ့ပေမယ့် ပြည်သူအများစုက စိတ်ဝင်စားမှု ရှိမနေခဲ့ဘူးလို့ ထီဝါသနာရှင်တချို့က ဆိုပါတယ်။
 
” သူတို့လုပ်တဲ့ အွန်လိုင်းထီ မကလို့ ဘာကြီးပဲဖြစ်ဖြစ် မထိုးဘူး၊ အာဏာသိမ်းကာလမှာ အောင်ဘာလေထီကို လှည့်ကို မကြည့်ခဲ့ဘူး ” လို့ မင်္ဂလာဒုံမြို့နယ်က ထီဝါသနာရှင်တဦးက ပြောပါတယ်။
 
စစ်ကောင်စီအနေနဲ့က အာဏာသိမ်းကာလမှာ ထီရောင်းအား ကျဆင်းနေတာကို ထိန်းတဲ့အနေနဲ့ Non CDM ဝန်ထမ်းတွေ၊ စစ်တပ်မိသားစုဝင်တွေကို လစဥ်မဖြစ်မနေ ထီထိုးဖို့ အတင်းအကျပ်ညွန်ကြားတာတွေ လုပ်နေရတယ်လို့ ဌာနဆိုင်ရာသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
 
အွန်လိုင်းထီစနစ် ကျင့်သုံးဖို့အတွက် ပြီးခဲ့တဲ့ အရပ်သားအစိုးရ လက်ထက်တွေမှာကတည်းက ဆွေးနွေးတိုက်တွန်းမှုတွေ ရှိခဲ့သလို လွှတ်တော်ထဲမှာအထိ ဆွေးနွေးခဲ့ကြပါသေးတယ်။
 
NLD အစိုးရလက်ထက်မှာလည်း အွန်လိုင်းထီစနစ် စတင်ဆဖာ်ဆောင်ဖို့ ဝန်ကြီးဌာနဘက်က အောင်ဘာလေထီဥပဒေမှာ ထည့်သွင်းပြဌာန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် လွှတ်တော်ကတော့ သီးခြားဥပဒေတရပ် လိုအပ်တယ်လို့ ဆိုတာကြောင့် အထမမြောက်ခဲ့ပါဘူး။
 
ဓာတ်ပုံ – CINCDS