လှိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာလူငယ်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွား

ဇွန်၊ ၉
 
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းနဲ့ ပါရမီလမ်းထောင့်မှာ ဒီကနေ့ ဇွန် ၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားအချို့က လမ်းသွားလမ်းလာ လူငယ်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ အဲ့ဒီဖြစ်စဉ်ကို တွေ့ရှိခဲ့တဲ့ အငှားယာဉ်မောင်းတဦးက DNA ကို ပြောပါတယ်။
 
” ကျွန်တော်က ဆီထည့်မလို့ သီရိမင်္ဂလာစျေးဘက်ကနေ ဘုရင့်နောင်ဘက်ကို အသွား ပါရမီလမ်းထောင့်နားမှာ စစ်သားလေးယောက်လောက်က အဲ့ဒီလူငယ်နှစ်ယောက်ကို ရိုက်နှက်ပြီး ဖမ်းဆီးသွားတာ ” လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိတဲ့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။
 
ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦးဟာ ဘုရင့်နောင်လမ်းမအတိုင်း စက်ဘီးစီးနင်းလာချိန် စစ်ကောင်စီတပ်သားတွေက စက်ဘီးကို ရပ်တန့်စေကာ ဖုန်းနဲ့ လွယ်အိတ်တွေကို စစ်ဆေးခဲ့ပြီး အဲ့လိုစစ်ဆေးပြီးနောက်မှာ ရိုက်နှက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
” အဲဒီနားက လမ်းဆုံလည်းဖြစ်၊ အရှေ့မှာမီးပွိုင့်လည်း ရှိနေတော့ အသေချာတွေ့လိုက်တာ။ ကျွန်တော့အထင် အပြောအဆို အဆင်မပြေလို့လည်း ဖြစ်နိုင်တယ်။ ဖမ်းပြီးတော့ ပါရီလမ်းမအတိုင်း ထောင်တက်သွားကြတာပဲ ” လို့ အဲဒီအငှားယာဉ်မောင်းက ပြောပါတယ်။
 
ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦးဟာ ဘယ်သူတွေဖြစ်တယ်၊ စစ်ကောင်စီတပ်သားတွေက ဘာကြောင့် သူတို့ကို ဖမ်းဆီးပြီး ဘယ်ကိုခေါ်သွားတယ် စတာတွေနဲ့ပတ်သတ်ပြီး DNA သတင်းဌာနက သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။
 
ရန်ကုန်မြို့မှာဆိုရင် လူစည်ကားတဲ့ ကမာရွတ်မြို့နယ်နဲ့ စစ်ကောင်စီရဲ့အရပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာတွေကို မြို့ပြပြောက်ကျားတွေက မကြာခဏပစ်ခတ်လေ့ရှိတဲ့ လှိုင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေက လူငယ်တွေကို မကြာခဏ ဖမ်းဆီးလေ့ရှိပါတယ်။
 
ဒါ့အပြင် ဒီကနေ့မနက် ၈ နာရီခန့်မှာလည်း ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ အမှတ်၂ လမ်းမပေါ် က သင်တန်းကျောင်းနားမှာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ကို စစ်ကောင်စီတပ်သားတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါဝင်တဲ့ အဖွဲ့က ခေါ်ယူစစ်ဆေးပြီး ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
 
ဒေသခံအချို့ကတော့ အဲ့ဒီအမျိုးသားနဲ့ အမျိုးသမီးတို့ကို စစ်ကောင်စီတပ်သားတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါဝင်တဲ့ အဖွဲ့က ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောကြားပါတယ်။
 
ဓာတ်ပုံ – Social Media