တောင်တရုတ်ပင်လယ်မှာ အာဆီယံက ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မယ်လို့ ကြေညာ

ဇွန်၊ ၉

တောင်တရုတ်ပင်လယ် ရေပြင်မှာ အရှေ့တောင်အာရှ နိုင်ငံတွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတွေ ပထမဆုံးအကြိမ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေက အရှေ့တောင် အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေဟာ တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားမှု ပြဿနာတွေ ရှိနေတဲ့ ပင်လယ်ပြင်မှာ ပူးပေါင်း စစ်ရေးလေ့ကျင့်မယ့် ကိစ္စကို ဇွန်လ ၈ ရက်က အတည်ပြုသွားခဲ့ပါတယ်။

အင်ဒိုနီးရှား စစ်တပ် အကြီးအကဲ ယူဒို မာဂိုနိုက ဘာလီကျွန်းမှာ အာဆီယံ ကာကွယ်ရေးဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် အခု ဆုံးဖြတ်ချက်ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံလုံး ပါဝင်နိုင်ပြီး အရှေ့တီမောကိုတော့ လေ့လာသူအဖြစ် ဖိတ်ကြားသွားမယ်လို့ မာဂိုနိုက ဆိုပါတယ်။ ဒါကြောင့် ဥရောပ သမဂ္ဂနဲ့ အမေရိကန် အစိုးရတွေက အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကလည်း အခု စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်လာမယ့် သဘောပါပဲ။

ဒါပေမဲ့ ပူးပေါင်းလေ့ကျင့်မှုတွေဟာ ရေကြောင်းလုံခြုံရေး၊ ကာကွယ်ရေး၊ ကယ်ဆယ်ရေးစတဲ့ အပိုင်းတွေကိုသာ ဦးတည်မှာဖြစ်ပြီး တိုက်ပွဲဝင်မှု ပုံစံတွေတော့ ပါဝင်မှာ မဟုတ်ဘူးလို့ မာဂိုနိုက ပြောပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့ဟာ တောင်တရုတ်ပင်လယ် ရေပြင်မှာ အမေရိကန်နဲ့ ပူးပေါင်းပြီး ရေတပ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ဖူးပေမယ့် အာဆီယံ နိုင်ငံတွေသီးသန့် လေ့ကျင့်တာမျိုးတော့ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်တခုလုံးကို သူတို့ရဲ့ ပိုင်နက်အဖြစ် သတ်မှတ်လိုတာကြောင့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်းတို့လို ဒေသတွင်း အာဆီယံ နိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

 

Ref: CNA