ပဒူရွာကို စစ်ကောင်စီတပ်က ငါးကြိမ်မြောက် မီးရှို့ ၊ဒေသခံ တသောင်းလောက် နေရပ်မပြန်ရဲသေး

ဇွန် ၊ ၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မြောက်ဖက်ရှိ ပဒူရွာရှိ အရပ်သားပိုင်နေအိမ်တွေကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းကလည်း မီးရှို့နေပြီး အနီးအနားကျေးရွာတွေက ဒေသခံ တစ်သောင်းလောက်ကလည်း နေရပ်မပြန်ရဲသေးဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ပဒူရွာက မနေ့ကကော ဒီကနေ့မနက်ပိုင်းကကော မီးရှို့ခံနေရတာပါ။ ဒါနဲ့ဆို မီးရှို့ခံရတာ ငါးကြိမ်ရှိပြီးပေါ့။ တချို့ရွာတွေ မီးရှို့ခံရတယ်ဆိုတာက စစ်ကြောင်းဝင်ပြီးမှာ ရှို့ခံရတာလေ ပဒူကျတော့ အဲမှာ အထိုင်ချထားတဲ့ ရဲစခန်းကတဆင့်ရှို့နေတာပေါ့။ တနေ့ကို လေးငါးလုံးနဲ့ မီးရှို့နေတာပါ။ စခန်းပတ်ဝန်ကျင်က နေအိမ်တွေကို နည်းနည်းချင်ရှို့နေတာပါ ” လို့ ဒေသခံ တဦးကပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီစစ်ကြောင်းဟာ  ရွာထဲရှိနေသေးတဲ့အတွက် နေအိမ်ဘယ်နှစ်လုံးမီးရှို့ခံရတယ်ဆိုတာနဲ့ ဒေသခံတွေဘယ်လောက်ရှောင်နေရတယ်ဆိုတာမသိနိုင်သေးဘူးလို့ ဒေသခံတွေကဆိုကြပါတယ်။

 

စစ်ကိုင်းမြို့ထဲကို ဒီလ ၄ ရက်နေ့ကစပြီး စစ်ကောင်စီအင်အား ၁၀၀ ကျော်လောက်က ဝက်လက်မြို့နယ်ထဲမှ တဆင့် စစ်ကြောင်းနှစ်ခုခွဲပြီး စတင်ဝက်ရောက်ခဲ့တာဖြစ်သလို စစ်ကြောင်းဝင်ပြီးနောက်  ပဒူ၊ စဉ့်ကိုင်၊ တလိုင်း စတဲ့ရွာ သုံးရွာကို မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သူကဆိုပါတယ်

စစ်ကောင်စီတပ်က  အခုလို စစ်ကြောင်းထိုးပြီး မီးရှို့တာတွေလုပ်နေတဲ့အတွက် အဲဒီရွာတွေက ဒေသခံ တသောင်းလောက်မှာ နီးစပ်ရာတောတွေနဲ့ တခြားကျေးရွာတွေအပါအဝင် အနီးတဝိုက်ပတ်ပြီးစစ်ရှောင်နေရတာပါ။

” ပဒူနဲ့ သူမြောက်ဖက်မှာရှိတဲ့ တောင်ရင်းရွာကနေ စဝင်တာပေါ့။ အခုတော့စစ်ကြောင်းကအဲနားကို ပတ်သွားနေတယ်။ အိမ်တိုင်မှာလှည်းတွေရှိကြတော့ အဲဒါ့တွေနဲ့ ထွက်ပြေးရတယ်။ တောထဲမှာယာစိုက်ရင်းစောင့်ဖို့ ဆောက်ထားတဲ့တောတိုက်တွေထဲသွားနေကြတယ်။ အဲဒါမရှိလည်း တခြားရွာတွေ သွားနေကြရတယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။

 

ဒီလ ၄ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စဉ့်ကိုင်ရွာမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး  စစ်ကောင်စီတပ်က ၁၃ ဦးသေဆုံးပြီး စစ်ကိုင်းခရိုင် တပ်ရင်း ၃ မှ ရဲဘော်နိုင်းနိုင်း(ဒုတပ်စိတ်မှူး)  နဲ့ ရဲဘော်သာဒင် နှစ်ဦးကျဆုံးခဲ့တယ်လို့ တပ်ရင်း ၃ ကရဲဘော်တဦးကပြောပါတယ်။

ပဒူတိုက်နယ်ရှိ ရဲစခန်းကို မေလ ၁၉ ရက်မှာ စစ်ကောင်စီစစ်ကြောင်းက  တပ်စွဲခဲ့ပြီးနောက် မေလ ၂၂ ရက်မှာ တော်လှန်ရေး တပ်ပေါင်းစုက အဲဒီရဲစခန်းကို တိုက်ခိုက်ပိုက်နိုင်ခဲ့ပါသေးတယ်လို့လည်း သိရပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့  ယခုနှစ်မတ်လက ထုတ်ပြန်ချက်အရ စစ်တပ်အာဏသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံတဝန်းရှိ အရပ်သားပြည်သူတွေရဲ့ နေအိမ်ပေါင်း ၆၀,၄၅၉ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက ၄၇၀၀၀ ကျော်အထိပါဝင်ပါတယ်။

Photo-CJ