ရုရှားက ဖျက်ဆီးနိုင်ခဲ့ကြောင်း ဝါဒဖြန့်နေတဲ့ Leopard 2 တင့်ကားဆိုတာ လယ်ထွန်စက်ကြီးသာ ဖြစ်ဖွယ်ရှိ

ဇွန်၊ ၇

ယူကရိန်း စစ်တပ်က အသုံးပြုနေတဲ့ ဂျာမန်လုပ် Leopard 2 တင့်ကား တစီးကို ပစ်ခတ် ဖျက်ဆီးလိုက်ကြောင်း ရုရှားရဲ့ ဝါဒဖြန့် ဗီဒီယိုဟာ အမှန်တကယ်မှာတော့ လယ်ထွန်စက် တစီးကို ဖျက်ဆီးလိုက်တာသာ ဖြစ်ဖွယ်ရှိကြောင်း စစ်ရေး သုတေသီတွေက သုံးသပ်ပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ အလုံးအရင်း ချီတက်လာတဲ့ ယူကရိန်း တင့်ကားတွေနဲ့ သံချပ်ကာ ယာဉ်တွေကို ဖျက်ဆီးနိုင်ခဲ့သလို ရန်သူ့ ထိုးစစ်ကို တွန်းလှန်နိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ ပြီးတော့ လယ်ကွင်းထဲ ရပ်တန့်နေတဲ့ Leopard 2 တင့်ကားတစီးကို ရုရှား တိုက်ခိုက်ရေး ရဟတ်ယာဉ် တစီးကနေ ဒုံးကျည်နဲ့ ပစ်ခတ်ဖျက်ဆီးလိုက်ကြောင်း မပြတ်မသား ဗီဒီယို တခုကိုပါ ထုတ်ပြန် ပြသခဲ့ပါတယ်။

 Leopard 2တွေကို ဂျာမနီနဲ့ တခြား ဥရောပ မဟာမိတ် နိုင်ငံတွေက ယူကရိန်းအတွက် ထောက်ပံ့ ပေးပို့ထားကြတာ ဖြစ်ပါတယ်။ အဲဒီ တင့်ကားတွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စာရင်းဝင် ပင်မ တိုက်ပွဲဝင် တင့်ကား အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

 ရုရှား ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ပျက်စီးသွားတဲ့ အရာက Leopard 2 တစီးရဲ့ ကောက်ကြောင်းလိုလို ထင်ဟပ်နေပေမယ့် လက်တွေ့မှာတော့ လယ်ကွင်းထဲ ရပ်ထားတဲ့ လယ်ထွန်ကြီး တခုသာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဥပမာ John Deere 4830 အမျိုးအစား လယ်ထွန်စက်မျိုးဟာ အဲဒီပုံထဲက အရာဝတ္ထုရဲ့ ကောက်ကြောင်းနဲ့ လုံးဝနီးပါး တူညီနေတယ်လို့ ဆိုပါတယ်။

 ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျီရွှိုင်ဂူကတော့ ရုရှားတပ်တွေဟာ Leopard 2 ၈ စီးကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီး ၃ ရက်အတွင်းမှာ ယူကရိန်း စစ်သား ၃၇၁၅ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း၊ ရန်သူရဲ့ တင့်ကားမျိုးစုံ ၅၂ စီးနဲ့ သံချပ်ကာယာဉ် ၂၀၇ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ကြေညာထားပါတယ်။ ရုရှားဖက်မှာလည်း စစ်သား ၇၁ ဦးသေပြီး ၂၁၀ ဒဏ်ရာရခဲ့သလို တင့်ကား ၁၅ စီးနဲ့ သံချပ်ကာယာဉ် ၉ စီး ဆုံးရှုံးခဲ့တယ်လို့ ရွှိုင်ဂူက ပြောပါတယ်။

 ယူကရိန်းကတော့ ရုရှားရဲ့ ကြွေးကြော်မှုတွေအပေါ် ဘာမှတ်ချက်မှ မပေးသလို သူတို့ရဲ့ တန်ပြန်ထိုးစစ် အစီအမံတွေကို အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် စီမံကိုင်တွယ်သွားမယ်လို့ ဆိုပါတယ်။

 လက်ရှိ အခြေအနေအရ ယူကရိန်းဟာ Leopard 2 တင့်ကား အရေအတွက် တော်တော်များများ လက်ခံ ရရှိထားပြီးပြီ ဖြစ်သလို ရုရှားတပ်တွေကို တိုက်ခိုက်မယ့် တန်ပြန်ထိုးစစ်မှာ အဲဒီတင့်ကားတွေကို ထဲထဲဝင်ဝင် အသုံးပြုလာမယ်လို့ ယုံကြည်ရပါတယ်။