ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ရဲ့ အထူးအယူခံမှု ဆယ်မှုအတွက် နှစ်ဖက်လျှောက်လဲချက်ပေး

ဇွန်၊ ၇
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့ကို ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ အမှု ဆယ်မှုအတွက် အထူးအယူခံကို မနေ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ နှစ်ဖက်လျှောက်လဲချက် ပေးခဲ့တဲ့အတွက် အမိန့်ချဖို့ပဲ လိုတော့တယ်လို့ တရားရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
 
” အမိန့်ချမယ်ရက်ကို ပြန်ပြီးတော့ ကြေညာမှာပေါ့။ သူတို့လျှောက်လွှာအပေါ်မှာ ဥပဒေအရ အငြင်းပွားမှုပေါ့ ဥပဒေပြသာနာပေါ်ပေါက်တယ်ဆိုရင် အဲဒါ့ကို ငြင်းချက်ထုတ်လာမှာပေါ့ အဲဒါ့ဆိုရင် ဒီအယူခံတွေကို လက်ခံတာပေါ့။ အဲလိုမှာ မဟုတ်ဘူး ငြင်းစရာမရှိဘူးဆိုရင်တော့ လက်မခံတော့တာပေါ့။ ငြင်းချက်ရှိလာတယ်ဆိုရင်တော့ စစ်ဆေးပေါ်ပေါက်ချက်တွေကို ပြန်ကြားနားရမှာပေါ့ ” လို့ တရားရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
လက်ရှိမှာ ဦးရဲမင်းဦးနဲ့ ဒေါက်တာမျိုးအောင်ကို ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ သူတို့နှစ်ဦးနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
 
စစ်ကောင်စီက ဒေါက်တာမျိုးအောင်အပေါ် စွဲဆိုထောင်ချထားတဲ့ အမှု ငါးမှုနဲ့ ဦးရဲမင်းဦးအပေါ် စွဲဆိုထောင်ချထားတဲ့ အမှု ငါးမှု စုစုပေါင်းဆယ်မှုအတွက် အထူးအယူခံခွင့်ပြု၊ မပြုကို နှစ်ဖက် အပြန်အလှန် လျှောက်လဲချက်ပေးခဲ့ကြတာပါ။
 
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချူပ် (တပါးထိုင်)က ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦး တို့ နှစ်ဦးတို့ တက်လာတဲ့ အဂတိအမှုတွေရဲ့ အယူခံတွေကို ပယ်ချခဲ့တဲ့အတွက် အထူးအယူခံတွေ ဆက်တက်ထားကြတာပါ။
 
စစ်တပ်အာဏသိမ်းမှု ဖြစ်ပြီးတဲ့နောက် စစ်ကောင်က NLD အစိုးရလက်ထက်မှာ အထူး မြေကွက်ဖော်ထုတ်တာ အပါအဝင် မြေကွက်တချို့ကို လုပ်ငန်းရှင်တွေထံ ရောင်းချခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ငါးမှုစီ တရားစွဲဆိုခဲ့တာပါ။
 
အဲဒီ အမှု ငါးမှုအတွက် စစ်ကောင်စီလက်အောက်ခံ တရားရုံးက တမှုကို ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့ပြီး တပေါင်းတည်း ကျခံစေခဲ့တာကြောင့် သူတို့ နှစ်ဦးက စုစုပေါင်း ထောင် သုံးနှစ်စီ ချမှတ်ခံထားရတာဖြစ်ပါတယ်။
 
အဲဒီလိုလိုချမှတ်ထားတဲ့ အမိန့်တွေကို ပြင်ဆင်ပေးဖို့အတွက် သူတို့နှစ်ဦးက တရားရုံးအဆင့်ဆင့်ကို အယူခံအဆင့်ဆင့် တက်ရောက်ခဲ့သော်လည်း တရားရုံးတွေက ပယ်ချနေတာလည်းဖြစ်တယ်လို့ တရားရေးနဲ့နီးစပ်သူတွေက ဆိုပါတယ်။
 
စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာပဲ ဒေါက်တာ မျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ နှစ်ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လက်ရှိမှာ စစ်ကောင်စီက ပုဒ်မမျိုးစုံနဲ့ တရားစွဲထားလို့ ထောင်နှစ် ၂၀ ကျော်အထိ ချမှတ်ခံထားရတယ်လို့ သူတို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့၂၀၂ဝခုနှစ်၊ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) တဦး ဖြစ်တဲ့ ဒေါက်တာ မျိုးအောင်ဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော် မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
 
အလားတူပဲ ဦးရဲမင်းဦးကလည်း ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ နေပြည်တော် ဒုတိယ မြို့တော်ဝန်၊ စည်ပင်သာယာရေး ကော်မတီ ဒု-ဥက္ကဋ္ဌနဲ့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းမှုဖြစ်ပြီးနောက် ပါတီဝင်ပေါင်း ၆၄၀ ကျော်ဖမ်းဆီးခံခဲ့ရသလို သူတို့ရဲ့ နေအိမ်ပေါင်း ၁၅၀ ကျော်ကိုလည်း ချိတ်ပိတ်ခံထားရတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media