လွိုင်ကော်မှာ တောင်ကျရေကြောင့် လမ်းချော်ပြီး ယာဉ်တိုက်မှုဖြစ်လို့ တဦးသေဆုံး၊ လေးဦးဒဏ်ရာရ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကုန်းဆွတ်ရွာလမ်းမကြီးမှာ မိုးရွာသွန်းပြီး တောင်ကျချောင်းရေတွေ စီးဆင်းနေချိန် မောင်းနှင်လာတဲ့ ကားနှစ်စီး လမ်းချော်ကာ တိုက်မိရာက တဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားတယ်လို့ မြို့ပရဟိတအသင်းဆီက သိရပါတယ်။
 
လွိုင်ကော်မြို့ဆောင်းငန်းရွာဘက်က ထွက်လာသော ဟိုက်ဂျက်ကားနဲ့ ကုန်တင် (CANDA)ယာဉ်တို့ လမ်းချော်ပြီး ယာဉ်တိုက်မှုဖြစ်ရာက ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာလို့ ဆိုပါတယ်။
 
” ဟိုက်ဂျက်ကားပေါ်က လူတွေထိတာပေါ့၊ သေဆုံးကလည်း ဟိုက်ဂျက်ကားမောင်းတဲ့သူပါ၊ တောင်ကျရေကြောင့် လမ်းပေါ်မှာ ဗွက်ထနေတယ်၊ အရှိန်မထိန်းနိုင်ဘဲ တိုက်မိကြတာ၊ ကုန်တင်ကားပေါ်က ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပါဘူး ” လို့ အဲ့ဒီဖြစ်စဉ်ကို ကူညီပေးခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
 
ယာဉ်တိုက်မှုအတွင်း သေဆုံးသွားသူဟာ လွိုင်ကော်မြို့နယ် ဒေါပေါ်ကူးရွာက အသက် (၄၄)နှစ်အရွယ် ဟိုက်ဂျက် ယာဉ်မောင်း ဦးရှားရယ်ဆိုသူဖြစ်ပြီး ဦးခေါင်းထိခိုက်ဒဏ်ရာတွေကြောင့် နေရာမှာတင် သေဆုံးခဲ့တာလို့ သိရပါတယ်။
 
ဒဏ်ရာရသူတွေကတော့ မစိုးရိမ်ရကြောင်းနဲ့ ရွှေလွိုင်ကော် ပရဟိတအသင်းက လွိုင်ကော်ဆေးရုံကြီးကို ပို့ပေးထားတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ (၁၈)ရက်ကလည်း လွိုင်ကော်မြို့ ဆီမီးလော့ကျေးရွာအနီး လမ်းမပေါ်မှာ လမ်းချော်ပြီး ထော်လာဂျီတစ်စီး တိမ်းမှောက်သွားလို့ လူဆယ်ဦး ပြင်းထန်ဒဏ်ရာတွေရကာ လွိုင်ကော်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့ရသေးတယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်း ဆီက သိရပါတယ်။ 
ဓာတ်ပုံ – ရွှေလွိုင်ကော် ပရဟိတအသင်း