အီရန်ရဲ့ လက်နက်တိုင်းကို ဖျက်ဆီးနိုင်စွမ်း ရှိတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဆို

ဇွန်၊ ၇

ဟိုက်ပါဆောနစ် ဒုံးကျည် အပါအဝင် အီရန်ရဲ့ ဘယ်လို စစ်လက်နက်ကိုမဆို အနိုင်မယူနိုင်စရာ အကြောင်းမရှိဘူးလို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

အခုသီတင်းပတ်မှာ အီရန်က နည်းပညာသစ် ဟိုက်ပါဆောနစ် ဒုံးကျည်တမျိုးကို တီထွင် ထုတ်လုပ်နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ Fattah၊ တနည်းအားဖြင့် ကြီးစိုးသူလို့ နာမည်ပေးထားတဲ့ ဒုံးကျည်ဟာ အသံထက် ၁၅ ဆမြန်အောင် ပျံသန်းနိုင်ပြီး ဘယ်လို လေကြောင်းကာကွယ်ရေး စနစ်ကမှ ဟန့်တား ပစ်ချနိုင်မှာ မဟုတ်ဘူးလို့ အီရန်က ကြွေးကြော်ထားပါတယ်။

အီရန် ညွှန်းထားသလောက်သာ Fattahက တကယ်စွမ်းမယ်ဆိုရင် ခါးသီးရန်ဘက် အစ္စရေး အတွက် စိုးရိမ်ရမယ့် အခြေအနေ တခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂယ်လန့်ကတော့ ဟိုက်ပါဆောနစ် ဒုံးကျည်အပါအဝင် အီရန်ရဲ့ ဘယ်လို စစ်လက်နက်မျိုးကိုမဆို အစ္စရေးက ချေမှုန်း ဖျက်ဆီးနိုင်ကြောင်း ပြောပါတယ်။

နိုင်ငံရဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စစ်ရေးလေ့ကျင့်မှု အစီအစဉ် တခုကို သွားရောက် ကြည့်ရှုချိန်မှာ ဂယ်လန့်က အခုလို မှတ်ချက် ပေးသွားခဲ့တာပါ။ ပြည်သူတွေကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာရယ်၊ ရန်သူကို အကြီးအကျယ် အထိနာသွားအောင် ဘယ်လို ထိုးနှက်ရမလဲ ဆိုတာကို အစ္စရေးက ကောင်းကောင်း သဘောပေါက်ထားပြီး ဖြစ်ကြောင်း သူက ဆိုပါတယ်။

ဂယ်လန့်က အစ္စရေးဟာ စစ်လိုလားတဲ့ နိုင်ငံ မဟုတ်ပေမယ့် ရန်သူတွေဖက်က စတင်တိုက်ခိုက်လာရင်လည်း ဘယ်သူ့ကိုမှ ညှာနေမှာ မဟုတ်ဘူးလို့ ဆက်ပြောပါတယ်။ နောက်ပြီး လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက အစ္စရေးကို စတင်တိုက်ခိုက်လာမယ်ဆိုရင် လက်ဘနွန် တနိုင်ငံလုံးကို ကျောက်ခေတ်ထိ ပြန်ရောက်သွားအောင် လုပ်ပစ်မယ်လို့ပါ ကြုံးဝါးသွားခဲ့ပါတယ်။

အီရန်က ဟိုက်ပါဆောနစ် ဒုံးကျည် မိတ်ဆက်ခဲ့တဲ့ ကိစ္စဟာ ဒေသတွင်း တင်းမာမှုတွေကို ပိုမို မြင့်တက်လာစေလိမ့်မယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ စစ်ရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ ဟိုက်ပါဆောနစ် ဆိုတာဟာ အသံထက် အနည်းဆုံး ၅ ဆ ပိုမြန်အောင် ရွေ့လျားနိုင်စွမ်းကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အီရန်က သူတို့ရဲ့ Fattah ဒုံးကျည်ဟာ အသံထက် ၁၅ ဆ ပိုမြန်ကြောင်း ကြေညာထားပါတယ်။

 

Ref: Times of Israel