နတ်သံကွင်းတံတားတိုက်ပွဲမှာ စစ်ကောင်စီတပ်သား အယောက်သုံးဆယ်ဝန်းကျင်ကျပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးကျဆုံး

ဇွန်၊ ၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ နယ်ထဲက  စစ်ကောင်စီတပ်တွေအတွက် အရေးပါတဲ့ တံတားနှစ်စင်းကို ဒီကနေ့ ဇွန်လ ၆ ရက်မနက်ပိုင်းကကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဆက်ဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာနှစ်ဖက်ကျဆုံးမှုတွေရှိတယ်လို့ မြေပြင်စစ်ရေးဖော်ဆောင်တဲ့အဖွဲ့တွေဆီကသိရပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU )ပူးပေါင်းတပ်ဖွဲ့တွေကစစ်ရေးပစ်မှတ် ငါးခုကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၃၀ ကျဆုံးသလို ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးကျဆုံးတယ်လို့ စစ်ဆင်ရေးတာဝန်ရှိသူကပြောပါတယ်။

 ဒီတံတားတွေဟာ ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့ကို ဆက်သွယ်ထားတဲ့ စစ်တောင်းမြစ်ကူးတံတား အပါအဝင် စစ်ကောင်စီတပ်ထောက်ပို့လမ်းကြောင်းအတွက် အရေးပါတဲ့ တံတား နှစ်စင်းဖြစ်တာကြောင့်တိုက်ခိုက်မှုတွေလုပ်ခဲ့တာလို့ဆိုပါတယ်။

‘’မနက်လေးနာရီမှာစတိုက်တယ်၊ အဓိကရည်ရွယ်ချက်က စစ်ကောင်စီရဲ့နယ်မြေထိန်းချုပ်ရေးနဲ့ ထောက်ပို့လမ်းကြောင်းအတွက်အရေးပါတဲ့ နတ်သံကွင်းတံတားကို ဖြတ်တောက်ဖို့ပဲ။ စစ်ဆင်ရေးအကောင်အထည်ဖော်တဲ့နေရာမှာ နတ်သံကွင်းရဲစခန်း၊ တံတားအရှေ့ကင်းအနောက်ကင်း၊ ရေတွင်းကုန်းနားနဲ့ ဘုံသတောရွာနားကပစ်မှတ် ငါးခုကိုတပြိုင်တည်းတိုက်ခိုက်ခဲ့တာ၊ ရန်ကသူ့ဘက်ကစုစုပေါင်း ၃၀ ဝန်းကျင်ကျပြီး တော်လှန်ရေးရဲဘော်လေးဦးလည်း အသက်စွန့်သွားရတယ်”’လို့ဒီကနေ့တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့စစ်ဆင်ရေးတာဝန်ရှိသူကပြောပါတယ်။

 ဒါ့အပြင် တိုက်ပွဲမှာစစ်ကောင်စီဘက်က လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ဆက်ပြောပါတယ်။

 ဒီကနေ့ တိုက်ပွဲအခြေအနေကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေအပြင် အနီးအနားကကျေးရွာတွေနားမှာလက်နက်ကြီးတွေနဲ့တောက်လျောက်ပစ်ခတ်နေတာကြော်င့ စစ်ဘေးရှောင်တွေလည်းများနေတယ်လို့ဒေသခံတွေကဆိုပါတယ်။