ရေလှောင်တမံကြီး တခုကို ရုရှားက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း ယူကရိန်း စွပ်စွဲ

ဇွန်၊ ၆

ရေလှောင်တမံကြီး တခုကို တိုက်ခိုက်ခဲ့တာဟာ အရပ်သား ပြည်သူတွေ ဒုက္ခပင်လယ်ဝေအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ရုရှားကို ယူကရိန်းက စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

 သဘာဝ ပတ်ဝန်းကျင်ကို အလုံးစုံ ဖျက်ဆီးတဲ့ ecocide လုပ်ရပ်မျိုးကို ရုရှားက ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း အစိုးရက ပြောပါတယ်။ ယူကရိန်း တောင်ပိုင်း၊ ခါဆွန် ပြည်နယ်မှာရှိတဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရာ အကြီးစား ရေလှောင်တမံကြီး တခုဟာ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့နောက် အနီးတဝိုက်မှာ နေထိုင်သူတွေကို အရေးပေါ် ရွှေ့ပြောင်းနေရပါတယ်။

 ဒီနီပရို မြစ်ပေါ်မှာ တည်ရှိတဲ့ နိုဗာ ကက်ခ်ဟော့ဗာ ရေလှောင်တမံကြီးမှာ ထိခိုက်ပျက်စီးမှုတွေ ဇွန်လ ၆ ရက် မနက်အစောပိုင်းက ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီဖြစ်စဉ်အပြီး ရေလှောင်တမံ အောက်ဖက် ဧရိယာမှာ နေထိုင်သူတွေကို အသက်လု ထွက်ပြေးဖို့ အရေးပေါ် ညွှန်ကြားချက်တွေ ထုတ်ပြန်ထားရပါတယ်။

 လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ ရေလှောင်တမံကြီးရဲ့ နံရံတွေ ကျိုးပျက်ပြီး ရေတွေ အလုံးအရင်း စီးထွက်နေတာကို တွေ့ရပါတယ်။

 ရေလှောင်တမံ နံရံတွေ ပျက်စီးကုန်တဲ့ အကြောင်းရင်းက ရှုပ်ထွေးနေဆဲ ဖြစ်ပေမယ့် ယူကရိန်းကတော့ ရုရှားရဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုကြောင့် ဖြစ်တယ်လို့ အပြင်းအထန် စွပ်စွဲနေကြပါတယ်။ ယူကရိန်းဟာ နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းက ရုရှားထိန်းချုပ် နယ်မြေတွေကို ပြန်သိမ်းယူဖို့ တန်ပြန်ထိုးစစ် စတင်တော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်မှာ အခုလို ရေလှောင်တမံ ပျက်စီးမှုကြီး ပေါ်ပေါက်လာတာပါ။

 ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ် မစ်ချယ်လ်ကလည်း နိုဗာ ကက်ခ်ဟော့ဗာ ရေလှောင်တမံကြီး ပျက်စီးမှုဟာ ရုရှားကြောင့်လို့ Twitterမှာ ပြစ်တင် ရေးသားထားခဲ့ပါတယ်။

 အခုအခါ လူနေဧရိယာ တချို့ကို ရေတွေ ဖုံးလွှမ်းကုန်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေမှုမှာလည်း အခက်အခဲတွေ ကြုံနေရကြောင်း သိရှိရပါတယ်။