စက်ရုံတချို့ တရက်လုပ်ခ ၅၆၀၀ ကျပ်သို့တိုးမြှင့်သတ်မှတ်ပေးလာ

ဇွန်၊ ၆

ရန်ကုန်မြို့က စက်ရုံတချို့ဟာ အလုပ်သမားတွေကို တရက်အနည်းဆုံးလုပ်ခ ၅၆၀၀ ကျပ်တိုးမြှင့်သတ်မှတ် ပေး ပြီးအလုပ်သမားခေါ်ယူမှုတွေရှိလာတယ်လို့ စက်ရုံလုပ်သား အသိုင်းအဝိုင်းဆီကသိရပါတယ်။

လက်ရှိအချိန်အထိ တရားဝင်ပြဌာန်းထားတဲ့ တရက်အနည်းဆုံးလုပ်ခဟာ ၄၈၀၀ကျပ်ဖြစ်ပြီး အဲဒီလုပ်ခနဲ့ စား၊ ဝတ်နေရေးအဆင်မပြေမှုတွေဖြစ်နေတယ်လို့ အလုပ်သမားတွေအကြားဝေဖန်မှုတွေရှိနေချိန်မှာ စက်ရုံတချို့က လုပ်ခတိုးမြှင့်ပေးမှုတွေရှိလာတာဖြစ်ပါတယ်။

အခုလို လုပ်ခတိုးမြှင့်ပေးတာကို လုပ်ငန်းတိုးချဲ့ထားတဲ့စက်ရုံအများစုကပဲ လုပ်သားအသစ်ခေါ်ယူရာမှာ ကျင့်သုံး လာကြတာဖြစ်တယ်လို့ အထည်ချုပ်လုပ်သားတချို့ကဆိုပါတယ်။

“အခုအလုပ်သမားခေါ်တဲ့စက်ရုံတချို့မှာ လုပ်ခတိုးပေးတာတွေလုပ်လာတာ၊ရုံဟောင်းတွေတော့ တိုးပေးတာမျိုး သိပ်မကြားမိဘူး”လို့လုပ်ခတိုးပေးကာလုပ်သားခေါ်ယူနေတဲ့ လိူင်သာယာမြို့နယ်က ZHONG HUI အထည်ချုပ် စက်ရုံလုပ်သားတဦးကပြောပါတယ်။

ဒါ့အပြင် လိူင်သာယာမြို့နယ်ထဲက ဟန်တာတက်စ်တိုင်း အထည်ချုပ်စက်ရုံကလည်း တရက်လုပ်ခ ၅၆၀၀ ကျပ်နဲ့ ဒီရက်ပိုင်းမှာ အလုပ်သမား ရာချီခေါ်ယူနေတယ်လို့ အလုပ်သမားတွေဆီကသိရပါတယ်။

အလားတူ တခြားစက်ရုံတွေမှာလည်း အနည်းဆုံးတရက်လုပ်ခတိုးမြှင့်ပေးထားတဲ့ ​ကြေညာစာနဲ့ အလုပ်သမား ခေါ်ယူမှုတွေ အခုနောက်ပိုင်းခပ်စိတ်စိတ်တွေ့လာရတယ်လို့ အလုပ်သမားအရေးလူပ်ရှားသူတွေကဆိုပါတယ်။

လက်ရှိအလုပ်သမားတွေရဲ့တရားဝင်အနည်းဆုံးတရက်လုပ်ခ ၄၈၀၀ ကျပ်ကို ၂၀၁၈ မေလကအတည်ပြု သတ် မှတ်ထားခဲ့တာဖြစ်ပါတယ်။အနည်းဆုံးအခကြေးငွေဥပဒေအရ အဲဒီနှုန်းထားကို နှစ်နှစ်မှာ အနည်းဆုံးတကြိမ် ပြင်ဆင်ရမယ်လို့ပြဌာန်းခဲ့ပေမယ့် ၂၀၂၀မှာ ကိုဗစ်ကပ်ရောဂါအကြောင်းပြချက်နဲ့နှုန်းထားပြင်ဖို့ ရွှေ့ဆိုင်းခဲ့ရာ ကအခုအချိန်အထိပြင်ဆင်ဖို့ပျက်ကွက်နေခဲ့တာပါ။

အနည်းဆုံးအခကြေးငွေနူန်းထားကိုသတ်မှတ်အတည်ပြုထားတဲ့ပမာဏအောက်လျှော့ပေးခွင့်မရှိဘဲ တိုးပေးချင် ရင်တော့ လုပ်ငန်းရှင်ဆန္ဒအတိုင်းတိုးပေးနိုင်ပေမယ့် လုပ်ငန်းရှင်အများစုက ပြီးခဲ့တဲ့ငါးနှစ်တာအတွင်း လုပ်ခတိုး ပေးတာမရှိဘဲ အစိုးရကနှုန်းထားအသစ်ပြဌာန်းမှတိုးပေးမယ်ဆိုပြီး တင်းခံနေခဲ့ကြတယ်လို့ အလုပ်သမား အရေး လှုပ်ရှားသူတွေကပြောပါတယ်။

အဲဒီလိုအနည်းဆုံးလုပ်ခတိုးပေးဖို့ငြင်းဆန်မှုတွေရှိနေတာကြောင့် စက်ရုံတချို့မှာ လုပ်အားခတိုးပေးဖို့ဆန္ဒပြ တောင်းဆိုမူတွေမကြာခဏရှိနေပါတယ်။

ရွှေပြည်သာမြို့နယ်ရှိ Honor Apparel စက်ရုံအလုပ်သမား ၁၀၀၀ ကျော်ကလည်း ဒီကနေ့မှာပဲ အနည်းဆုံး အခ ကြေးငွေအဖြစ် နေ့စဉ်ကြေးကို ၅၆၀၀ ကျပ် သတ်မှတ်ပေးဖို့ အချိန်ပိုအတွက် ၁၄၀၀ ကျပ်ပေးဖို့နဲ့ လစာ ပေးစနစ် ကိုပြောင်းလဲပေးဖို့ လုပ်ငန်းခွင်အတွင်း အလုပ်မလုပ်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့သိရပါတယ်။

အခုလို စက်ရုံတချို့က လုပ်ခတိုးပေးလာတာဟာအလုပ်သမားတွေအတွက် မျှော်လင့်ချက်ဖြစ်လာပေမယ့် လက်ရှိ ကုန်ဈေးနှုန်းတွေအရ လုံလောက်မှုရှိစေတဲ့ပမာဏတော့မဟုတ်သေးဘူးလို့ အလုပ်သမားအဖွဲ့ချုပ် တာဝန်ရှိသူ တွေကဆိုပါတယ်။

“Brandကုမ္ပဏီတွေကိုအလုပ်သမားအဖွဲ့တွေကလုပ်ခတိုးပေးဖို့ပြောဆိုတာတွေရှိတယ်၊အဲဒါကြောင့်သူတို့ကအ ထည်လက်ခံချုပ်မယ့်စက်ရုံတွေကိုပြန်ပြောပုံရတယ်၊အဲဒါနဲ့တိုးပေးတယ်ဆိုရုံလောက်တိုးပေးလာကြတာပေါ့၊သိပ်ပြောပလောက်တဲ့ပမာဏတော့မဟုတ်ဘူး”လို့ မြန်မာနိူင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မူလုပ်ငန်း ပေါင်းစုံအ လုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)တာဝန်ရှိသူတဦးကပြောပါတယ်။

ဒါ့အပြင် အခုလို စက်ရုံတချို့က လုပ်ခတိုးပေးလာပေမယ့် အလုပ်သမားတွေလိုလားတဲ့နှုန်းတော့ မဟုတ်သေး ဘူး လို့လည်း စက်ရုံအလုပ်သမားတချို့ကဆိုပါတယ်။

အလုပ်သမားတွေက တိုးမြင့်လာတဲ့ကုန်စျေးနှုန်းနဲ့ ပြီးခဲ့တဲ့ကာလတွေအတွင်း အနည်းဆုံး လုပ်ခနှုန်းထား တိုး မြှင့်ပြင်ဆင်ဖို့ နှစ်ကြိမ်လောက် ပျက်ကွက်ခဲ့တာတွေကြောင့် အခုအချိန်မှာ တရက်လုပ်ခ အနည်းဆုံး တသောင်း ကျပ်လောက်အထိ သတ်မှတ်ပေးဖို့ တောင်းဆိုမှုတွေရှိနေပါတယ်။