ဆားလင်းကြီးဒေသခံ လေးဆယ်ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီး

ဇွန်၊ ၆
 
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီဝန်းထဲက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာနှစ်ရွာက ဒေသခံ လေးဆယ်ကျော်ကို ဇွန်လ ၆ ရက် ဒီကနေ့မနက်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရပါတယ်။
 
ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အင်အား ၁ဝဝ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ညက မိုးကြိုးပြင်အလယ်ရွာနဲ့ တောင်ရွာတို့မှာ ညအိပ်တပ်စွဲခဲ့ပြီးနောက် ဒီကနေ့မနက်ပိုင်း စစ်ကြောင်းပြန်ထွက်ချိန်မှာ မိုးကြိုးပြင်ရွာက ၁၅ ဦးနဲ့ ရာဇကျော်ရွာက သုံးဆယ်လောက်ကို စစ်ကြောင်းနဲ့ အတူဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
 
” မိုးကြိုးပြင်ရွာကို တောနင်းပြီး လိုက်ရှာတာ။ မနက် ၃ နာရီလောက်က ရွာအနောက်ဘက် ဒဟက်တောထဲ အိပ်နေတဲ့သူတွေကို နှိုးခေါ်သွားတာ။ ဓားစာခံ ၁၅ ယောက်လောက် ပါသွားတယ် ” လို့ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဆက်သွယ်ရေးတာဝန်ခံ ကိုစစ်ငြိမ်းက ပြောပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ၊ အသက်အရွယ်၊ အမျိုးသား၊ အမျိုးသမီးဘယ်လောက်ပါတယ်၊ ဘယ်ကိုခေါ်သွားတယ်စတဲ့ အသေးစိတ်အချက်အလက်တွေကို အတိအကျမသိရသေးဘူးလို့လည်း ဆက်လက်ပြောကြားပါတယ်။
 
” ရွာကို မီးရှို့သွားတာမျိုးတော့ မရှိပါဘူး။ ဖျက်ဆီးမွှေနှောက်သွားတာမျိုးတွေတော့ လုပ်သွားတယ်။ ရွာတွေကိုဝင်ရင် ပုံမှန်မွှေနေကြတာမျိုးပုံစံ မွှေသွားတာမျိုးပါ ” လို့လည်း ဖြည့်စွက်ပြောပါတယ်။
 
မိုးကြိုးပြင်ကျေးရွာမှာ မနေ့ညက တပ်စွဲထားတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ အဲဒီစစ်ကောင်စီစစ်ကြောင်းထဲက အင်အား ၄၀ ခန့်ဟာ ဝမ်ပေါင်ကုမ္ပဏီအတွင်း ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့လည်း ကိုစစ်ငြိမ်းက ပြောပါတယ်။
 
ကျန်တဲ့ စစ်ကောင်စီတပ်သားတွေကတော့ ယမင်းပင်မြို့နယ်၊ အင်ကြင်းတောင်၊ နှောရိုးရွာနဲ့ ကောင်ဆင့်ရွာကြားမှာ ရောက်ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
ဓာတ်ပုံ – KNG
ပုံစာ – ကချင်ပြည်နယ်၊ ဖားကန့်မြို့က မှော်ဘုံရွာကို ဧပြီ ၂၁ ရက်မှာ စစ်ကောင်စီက ဝင်ရောက်စီးနင်းကာ ဒေသခံနှစ်ရာကျော်ကို ဖမ်းဆီးထားစဥ်။