စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အခြေစိုက် ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်အုပ်စုက ဇွန်လ ၄ ရက်မှာ ဝင်ရောက်စီးနင်းပြီး ရဲဘော်သုံးဦးသတ်ဖြတ်ကာ စခန်းကိုမီးရှို့ခဲ့တဲ့ ဖြစ်စဉ်ဟာ သတင်းအမှားသာဖြစ်တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ )နဲ့ ဇာမဏီအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
” အဲဒီ page က အတုဗျ ကျနော်တို့ တံဆိပ်တွေကို ယူသုံးတယ် ပြီးတော့ ကျနော်တို့တင်ထားတဲ့ တိုက်ပွဲဓာတ်ပုံ၊ ဗီဒီယိုတွေကို ရက်စွဲတွေ အမှားတွေနဲ့ ပြန်တင်နေတာပါ။ သူတို့ပြောတဲ့ စခန်းစီးနင်းခံရတာလည်း မဟုတ်ဘူး။ ရဲဘော်တွေ အသတ်ခံရတာလည်း မဟုတ်ပါဘူး ” လို့ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောခွင့်ရ ရဲဘော်ဇာမဏီက ပြောပါတယ်။
တပ်ဖွဲ့နာမည်နဲ့တံဆိပ်အသုံးပြုထားတဲ့ လူမှုကွန်ရက်စာမျက်နှာအတုကနေ ဒီလ လေးရက်က စခန်းသိမ်းခံရတယ်ဆိုပြီး သတင်းမှားလွှင့်ခဲ့တယ်လို့ ပြောသလို အဲဒီနေ့က ဘုတလင်နယ်မှာ စစ်ကောင်စီစစ်ကြောင်းလည်း မရှိတဲ့အပြင် တိုက်ပွဲလည်းမရှိဘူးလို့ ဖြည့်စွက်ပြောပါတယ်။
” သူတို့တင်ထားတဲ့ ရဲဘော်တွေရဲ့ ပုံဆိုတာကလည်း ကျနော်တို့ရဲဘော်တွေ မဟုတ်ဘူး။ ဘယ်ကပုံ ယူတင်လဲမသိဘူး။ ကျနော်တို့ page အစစ်က ကာကွယ်ရေး တိုက်ခိုက်ရေးအတွက် အလှူရှင်တွေများတော့ ငွေရေးကြေးရေးအရ လိမ်လည်ချင်လို့ အခုလို လုပ်တယ်လို့ထင်တယ်။ စကစနဲ့ ကျနော်တို့ page ကို လိုက်နေတဲ့သူတွေ ပေါင်းပြီး လုပ်တယ်လို့ပဲ ထင်တယ် ” လို့ ရဲဘော်ဇာမဏီက ပြောပါတယ်။
ဒါ့အပြင် ဇာမဏီပြည်သူကာကွယ်ရေးအဖွဲ့ နဲ့ မြို့နယ်အတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကတော့ လက်တလောမှာ ဖော်ပြနေတဲ့ စခန်းစီးနင်းမှုဖြစ်စဉ်က ဘုတလင်နယ်မှာ မရှိခဲ့ဘူးလို့လည်း ထပ်လောင်းအတည်ပြုပြောဆိုပါတယ်။
” သူတို့အဖွဲ့ page ကို အခြားသူတွေက အတုလုပ်ပြီး မဟုတ်တဲ့သတင်းတွေကို တင်တာပေါ့။ သူတင်ထားတဲ့နေ့ကလည်း ကျွနာ်တို့ဆီမှာ စစ်ကြောင်းမရှိဘူး။ သူတို့တင်ထားတဲ့ မီးလောင်နေတဲ့ပုံကလည်း ကျနော်တို့ဖက်ကပုံ မဟုတ်ဘူး။ ဘာလို့ဆိုတော့ ပတ်ဝန်ကျင်က ကျနော်တို့ မြင်ဖူးနေကျပုံစံမဟုတ်ဘူး။ ဇွန်လ လေးရက်နေ့မှာ စစ်ကြောင်းမရှိတဲ့အပြင် စခန်းသိမ်းခံရတာလည်း မရှိဘူး။ သူတို့အဖွဲ့ကို ပုံဖျက်တာလည်း ဖြစ်နိုင်သလို လိမ်လည်အလှူခံဖို့ လုပ်တာလည်း ဖြစ်နိုင်တယ် ” လို့ သူကဆိုပါတယ်။
မနေ့က ဇွန်လ ၅ ရက်မှာ ဇာမဏီပြည်သူ့ကာကွယ်ရေး အဖွဲ့နာမည်နဲ့ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတခုက ဇွန်လ ၄ ရက်ညနေ ၃ နာရီမှာ စစ်အုပ်စု အင်အား ၁၅၀ လောက်က စခန်းကိုစီးနင်းမီးရှို့ခဲ့တာကြောင့် ကျပ်သိန်း ၁၀၀၀ ဖိုးခန့် ဆုံးရှူံးခဲ့သလို ရဲဘော် သုံးဦး သတ်ဖြတ်ခံရတယ်လို့ ထုတ်ပြန်ခဲ့တာပါ။
အဲဒီထုတ်ပြန်ချက်ကို ကိုးကားပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာတချို့မှာ သတင်းဖော်ပြခဲ့တာတွေ ရှိသလို စစ်အုပ်စု တယ်လီဂရန်ချန်နယ်တွေမှာလည်း ဖော်ပြခဲ့ကြတဲ့အတွက် သက်ဆိုင်ရာ ကာကွယ်ရေးတပ်တွေက ရှင်းလင်းထုတ်ပြန်တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – ဇာမဏီ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စာမျက်နှာအတု)