ဇွန်၊ ၆
ကရင်နီပြည်နယ်နဲ့ ရှမ်းတောင်ပိုင်းတို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ ပူးပေါင်းတပ်တွေကြား နှစ်နှစ်တာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလာခဲ့ရာ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်း ဆယ်ခုနဲ့ စစ်ဆေးရေးဂိတ်အချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ယမန်နေ့က ထုတ်ပြန်ပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ KNDF တပ်ဖွဲ့ဟာ နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း တထောင်ကျော်ဖြစ်ပွားခဲ့ရာမှာ အခုလို သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
“ ကရင်နီပြည်နယ်က မြို့နယ်တော်တော်များများမှာတော့ လူတွေ နေထိုင်လို့ မရတော့ပါဘူး။ ဒီးမော့ဆိုတို့၊ ဖရူဆိုတို့မှာ ပြည်သူတွေ မရှိတော့ဘူး။ လုံးဝကို စစ်ဇုန်ဖြစ်နေတာပေါ့နော်။ အဲတော့ လွိုင်ကော်မြို့နယ်လောက်ပဲ လူတွေ နေထိုင်လို့ ရတော့တဲ့ အခြေအနေ ရှိတာပေါ့နော် ” လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလစာရင်းတွေအရ ဒီးမော့ဆိုမြို့နယ်ဟာ တနိုင်ငံလုံးမှာ စစ်ဘေးဒုက္ခသည် အများဆုံးဖြစ်ပြီး ၁၂၆, ၀၀၀ ကျော်အထိ ရှိနေတာလို့ ပြည်တွင်းသုတေသနအဖွဲ့တခုဖြစ်တဲ့ ISP-Myanmar က ဖော်ပြထားပါတယ်။
တိုက်ပွဲတွေဟာ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲပေါင်း ၃၄၀ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး လွိုင်ကော်မြို့နယ်မှာ ၁၆၂ ကြိမ်၊ ဖရူဆိုမြို့နယ်မှာ ၁၁၃ ကြိမ်၊ ဖယ်ခုံမြို့နယ်မှာ ၁၇၀ ကြိမ်၊ ပင်လောင်းမြို့မှာ ၄၉ ကြိမ်၊ ဘောလခဲ မြို့နယ်မှာ ၆၇ ကြိမ်၊ ရှားတောမြို့နယ်မှာ ၂၂ ကြိမ်၊ ဖားဆောင်းမြို့နယ်မှာ နှစ် ကြိမ် နဲ့ မယ်စဲ့မြို့နယ်မှာ လေးကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည်တွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားမှာ လွိုင်ကော်မြို့တခုသာ ကျန်ရှိနေပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့တွေမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့နဲ့ သူတို့မိသားစုဝင်တွေသာ ကျန်ရစ်ကာ ကျန်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရှိပေမယ့် သက်ဆိုင်ရာတိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိတယ်လို့ KNDF က ဆိုပါတယ်။
KNDFeနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၆၅ ဦး သေဆုံးခဲ့သလို စစ်ကောင်စီတပ်သား ၄၁ ဦးကို အရှင်းဖမ်းဆီးနိုင်ခဲ့ကာ လက်နက်ကြီးတချို့ အပါအဝင် လက်နက်ခဲယမ်း ပေါင်းစုံ (၆၀၀)ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဘက်က ရဲဘော် ၁၅၃ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်တော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မတွေ့ရပါဘူး။
စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ မေလက စတင်လို့ ကရင်နီပြည်အတွင်း တပ်မ ငါးခုနဲ့ ထိုးစစ်ဆင်ခဲ့ပြီး စကခ (၇)၊ စကခ (၂)၊ တပ်မ (၆၆) တို့ကို ရှမ်းကယားနယ်စပ်တကြော တပ်ဖြန့်တဲ့အပြင် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်ဘက်မှာ နယ်မြေခံတပ်ရင်းနဲ့ တပ်မ (၆၆) တို့ စစ်ကြောင်းထိုးနေပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း၊ ဘောလခဲ နဲ့ ဖရူဆိုမြို့နယ်ဘက်တွေမှာ နယ်မြေခံတပ်ရင်းတွေအပြင် တပ်မ (၉၉)၊ စက (၂)၊ တပ်မ (၁၀၁) တပ်ရင်းတွေ စစ်ကြောင်းထိုး လှုပ်ရှားနေပြီး တပ်မ (၆၆) မှ တပ်ရင်းတွေမှာ ဖွဲ့စည်းပုံ ပျက်တဲ့အထိ ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ KNDF က ထုတ်ပြန်လာတာပါ။
“ လက်ရှိ KNDF ပါဝင် ဖော်ဆောင်နေတဲ့ စစ်ရေးဗျူးဟာကို ဆက်လက်ဖော်ဆောင်သွားမယ်။ ဒီနှစ် ၂၀၂၃ မှာ သိသာတိုးတက်တဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်အောင်မြင်နိုင်မယ်လို့ မိမိ ယုံကြည်သလို ရဲဘော်တွေအနေနဲ့ ပိုမိုပြင်ဆင်ထားကြဖို့လိုတယ် ” KNDF ဥက္ကဌ ခွန်းဘီထူးက KNDF နှစ်နှစ်ပြည့်မှာ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အသေးငယ်ဆုံးပြည်နယ်ဖြစ်တဲ့ ကရင်နီပြည်နယ်ဟာ ၂၀၂၁ ခုနှစ်၊ မတ်လစာရင်းအရ လူဦးရေ သုံးသိန်းနီးပါးသာရှိပေမယ့် အာဏာသိမ်းစစ်ကောင်စီကို အပြင်းအထန် လက်နက်ကိုင်တော်လှန်နေရသလို စစ်ကောင်စီကလည်း လေကြာင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်နေတာပါ။
စစ်အာဏာသိမ်းပြီးနောက် တိုးလာတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည်ပေါင်း နှစ်သန်းခြောက်သိန်းကိုးသောင်းကျော်မှာ ကရင်နီပြည်နယ်က နှစ်သိန်းလေးသောင်းကျော်အထိ ပါဝင်နေတယ်လို့ ISP-Myanmar က ဧပြီလနောက်ဆုံးပတ်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ကရင်နီပြည်နယ်အတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုအပြင် တရားမဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၁၅၂ ဦး သေဆုံးပြီး ၁၆၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လည်း KNDF က ထုတ်ပြန်ပါတယ်။
မီးရှို့ဖျက်စီးမှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၄၂၂ လုံး ပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အဦး ၁၂ လုံး၊ စာသင်ကျောင်း ခြောက်ကျောင်းနဲ့ ဆေးခန်း ၁၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကို ၂၀၂၁ခုနှစ်၊ မေလ ၃၁ ရက်မှာ စတင်ထူထောင်ခဲ့ပြီး နှစ်နှစ်အတွင်း စစ်ဗျူဟာ (၆) ဗျူဟာနဲ့ တပ်ရင်း ၂၂ ခုဖွဲ့စည်းကာ ကရင်နီပြည်နဲ့ ရှမ်းတောင်ပိုင်းတွေမှာ တပ်ဖြန့်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေပါတယ်။
ဓာတ်ပုံ – KNDF