မိုးဗြဲမြို့ပေါ် လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်တွေကျလို့ ငါးဦးဒဏ်ရာရ၊လူနာတင်ယာဉ်တွေ မြို့တွင်း ဝင်ခွင့်မရ

ဇွန်၊ ၅

တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေ မနေ့ကညပိုင်းက တိုက်ပွဲဖြစ်ခဲ့တဲ့ မိုးဗြဲ မြို့မှာဒီကနေ့ မနက် ပိုင်းက မြို့ပေါ် လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလို့ မြို့ခံငါးဦး ဒဏ်ရာရခဲ့ပြီး အရပ် ဘက်ကယ်ဆယ်ရေးအဖွဲ့တွေလည်း မြို့တွင်းဝင်ခွင့်မရဘူးလို့ ဒေသခံတွေကပြောပါတယ်။

“အခုမနက်အစောပိုင်းထဲက ပစ်နေတာ သူတို့(စစ်ကောင်စီ)တဖက်ထဲက ပစ်နေတာ၊ ပစ်ပြီးတာနဲ့ မြို့ကိုပိတ် ထား လိုက်တာ ဒဏ်ရာရရှိသူတွေလည်းရှိတယ်ဗျ၊လေယာဉ် တစီးပါမြို့ပေါ် ဖြတ်ပျံနေတယ်”လို့ ဒေသခံ တဦးက DNA ကိုပြောပါတယ်။

မိုးဗြဲမြို့ တဝိုက်မှာ မနေ့ ညပိုင်းက တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် ဒီကနေ့မနက်ပိုင်းမှာ လွိုင်ကော်မြို့အခြေစိုက် စစ် ကောင်စီတပ်တွေနဲ့ မိုးဗြဲအခြေစိုက်တပ်တွေကနေ လက်နက်ကြီးတွေပစ်ခတ်ခဲ့တာဖြစ်ပြီး စည်ကား(၁)ရပ်ကွက်နဲ့ (၃)ရပ်ကွက်၊ပွဲကုန်ရပ်ကွက်၊ညောင်ဝိုင်းဘုန်းကြီးကျောင်းအနီးတို့မှာ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။

“ဒဏ်ရာရတဲ့သူ အခြေအနေတွေက အကုန်မသိရသေးဘူး၊အိမ်ခေါင်မိုးတွေပေါက်ပြီးကျတာ၊ မြို့ထဲမှာပဲ ရှိတဲ့ ဆ ရာဝန်နဲ့ လတ်တလောကုနေရတယ်၊ မြို့ကိုပိတ်ထားလို့ အဝင်အထွက်ပေးမလုပ်ဘူး၊ လူနာတင်ယာဉ်လည်းပေး မဝင်ဘူး၊ဘာကြောင့်အခုလောက်လုပ်နေရတာလဲ မသိဘူး “လို့  ကရင်နီဒေသခံသတင်းရင်းမြစ်တဦးက ပြောပါ တယ်။

တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေကြောင့် မိုးဗြဲမြို့အတွင်း နေထိုင်သူတချို့ ဒီကနေ့ မနက်အစောပိုင်းကတည်းက စစ် ဘေးရှောင်နေကြပြီး ကျန်းမာရေးမကောင်းသူတွေနဲ့သက်ကြီးရွယ်အိုတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ သွား ရောက်နေထိုင်ကြတယ်လို့လည်းသိရပါတယ်။

လက်ရှိမှာ မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားနဲ့ ဝင်ရောက်နေကြပြီး ညောင်ဝိုင်း ရပ်ကွက်မှာ အင်အားအများပြားနဲ့ နေရာယူထားသလို မြို့အဝင်အတွက်နဲ့ ၄၂၂ တပ်ထိပ်တွေကနေ လမ်းတွေပိတ် ထားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မိုးဗြဲမြို့အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့တွေကိုတော့ လက်ရှိမှာ ဆက်သွယ်လို့မရသေးပါဘူး။စစ်အာဏာ သိမ်း ချိန်ကနေ အခုနှစ်ဧပြီလကုန်အထိ ကရင်နီဒေသတွင်းမှာ အရပ်သား ၄၅၀ ကျော်သေဆုံးခဲ့ပြီး အဲ့ဒီအထဲက သုံး ရာကျော်ဟာ ဖမ်းဆီးသတ်ဖြတ်ခံရကာ ၁၃၀ ကျော်ကတော့ စစ်ရှောင်ရင်းသေဆုံးခဲ့တာလို့ တိုးတက်သော က ရင်နီပြည်သူ့အင်အားစု(PKPF)က မေလဆန်းမှာသတင်းထုတ်ပြန်ထားပါတယ်။

 အခုလ ဇွန်လ ၃ရက်ကလည်း မိုးဗြဲမြို့ ပွဲကုန်း(၂)ရပ်ကွက်မှာ နေထိုင်တဲ့ အသက်နှစ်ဆယ်ကျော်လူငယ်တဦးဟာ နေအိမ်ရှေ့မှာ တံမြက်စည်းလှည်းနေချိန် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ သေဆုံးခဲ့ပါသေးတယ်။