မြင်းခြံမြို့မှာ ရေတွင်းဆယ်ရာက အောက်စီဂျင်ပြတ်လို့ သားအဖ နှစ်ဦး သေဆုံး

ဇွန်၊ ၅

မန္တလေးတိုင်း၊မြင်းခြံမြို့မှာ ဒီကနေ့ မနက်ပိုင်းက ရေတွင်းဆင်းဆယ်တဲ့ သားအဖနှစ်ဦး အောက်ဆီဂျင်ပြတ်ပြီး သေဆုံးမှုဖြစ်ခဲ့တယ်လို့ မြို့ခံပရဟိတအသင်းနဲ့မီးသတ်တပ်ဖွဲ့တို့ဆီကသိရပါတယ်။

“ရေတွင်းက လူတကိုယ်စာ ကျဉ်းကျဉ်းလေး၊အမှိုက်ဆယ်ပြီး အပေါက်တွေတွေ့လို့ အင်္ဂတေနဲ့ဖာနေတာ၊ သူ့သား က အပေါ်ကနေ လိုအပ်တာလုပ်ပေးနေချိန် အချိန်ကြာတဲ့အထိ ဘာသံမှမကြားရတော့လို့ သူပါလိုက်ဆင်းသွား တာ၊နှစ်ယောက်စလုံး သတိလစ်နေပြီဆိုတာသိလို့၊ပတ်ဝန်းကျင်ကလူတွေ အသင်းကိုဖုန်းဆက်ပြီး အကူအညီ တောင်းခဲ့တာ”လို့ မြင်းခြံမြို့ မီးသတ်တပ်ဖွဲ့ဝင် တဦးက DNA ကိုပြောပါတယ်။

အဲ့ဒီသားအဖနှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီကယ်တင်ခဲ့ပြီးနောက် ဆေးရုံပို့ပေးခဲ့ပေမယ့် ဆေးရုံမှာပဲ သေဆုံးခဲ့ကြတာလို့ သိရပါတယ်။

သေဆုံးသူတွေဟာ မြင်းခြံမြို့ အမှတ်(၄)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၅နှစ်အရွယ် ဦးဘိုသန်းဆိုသူနဲ့ အ သက် ၁၈နှစ်အရွယ်သားဖြစ်သူ မောင်ပြည့်စုံတို့ဖြစ်ပြီးရေတွင်းအဝ အကျယ် ၃ပေ အနက် ၃၀ပေရှိတဲ့ရေတွင်းထဲ ဆင်းဆယ်ရာက နှစ်ဦးလုံး သေဆုံးခဲ့ကြရတာပါ။

“ရေတွင်းပေါ်ရောက်တဲ့ အချိန်ထိ အသက်ရှိသေးတယ်ဗျ၊ လိုအပ်တာတွေ အကုန်လုပ်ပြီး ဆေးရုံ အမြန်ပို့ပေးခဲ့ တာပဲ အခုဆက်သွယ်ကြည့်တော့ နှစ်ယောက်လုံး ဆုံးသွားပြီတဲ့၊ရေတွင်းထဲ သူတို့ဆင်းသွားတာနဲ့ ဆယ်ယူတဲ့ရတဲ့ အချိန်က တနာရီဝန်းကျင်လောက်ကြာသွားတော့ နောက်ကျသွားတာဖြစ်မယ်”လို့ အဲ့ဒီဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် တဦးကလည်းပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ရက်ကလည်း စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ အမျိုးသား တဦးနဲ့ အမျိုးသမီး တဦးတို့ ပေ၅၀ အ နက်ရှိတဲ့ ရေတွင်းထဲပြုတ်ကျခဲ့ပြီး သူတို့ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနက  သတင်းထုတ်ပြန် ထားပါတယ်။

အခုလဆန်း တရက် ကလည်း ရန်ကုန်မြို့ အင်းစိန်မြို့နယ်နဲ့ ကရင်ပြည်နယ် မြဝတီမြို့တို့မှာ ရေတွင်းနဲ့ ငါးသယ် လှေတစီးပေါ်က ဒီဇယ်ကန်တွေထဲဆင်းရာက တရက်တည်း လူသုံးဦးသေဆုံးခဲ့ပါသေးတယ်။

လိုအပ်ချက်အရရေတွင်းရေကန်ဟောင်းတွေထဲ ဆင်းပြီး အလုပ်လုပ်မယ့်သူတွေအနေနဲ့ မြေပြင်မှာ ဆက်သွယ်နိုင် ဖို့ အဖော် ထား ရှိတာ၊အောက်ဆီဂျင်ပြတ်လပ်မှုဖြစ်ရင် အရေးပေါ်အသုံးပြုနိုင်ဖို့ အောင်ဆီဂျင်အိုး အသင့်ဆောင် ထားတာမျိုးတွေ လုပ်ထားသင့်တယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက အကြံပြုပါတယ်။

မြင်းခြံမြို့နယ် မီးသတ်တပ်ဖွဲ့ကတော့ အောက်စီဂျင်ပြတ်လပ်မှုဖြစ်နိုင်တဲ့ ရေတွင်းရေကန်ဟောင်းတွေ၊ ရေဆိုး ကန်၊မိလ္လာတွင်းဟောင်း၊ရေတွင်းပျက်တွေထဲကို ကျွမ်းကျင်သူမဟုတ်ဘဲ အရဲစွန့် ဆင်းတာ၊ဆယ်တာတွေ မလုပ် ကြဖို့ သတိပေးထားပါတယ်။

photo မြင်းခြံမြို့နယ်မီးသတ်တပ်ဖွဲ့