ကျိုက်မရောအကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတွေကိုယ်တိုင် မူးယစ်ဆေးဝါးဖြန့်နေ

ဇွန်၊ ၅

နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတွေကိုယ်တိုင်  မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

“ အထဲက အကျဉ်းသားတွေကိုယ်တိုင်က ပြောတာပါ၊ အထဲမှာ ဖမ်းမိတာလဲ ရှိတယ်၊ အဓိကတော့ ဒီထောင်ဝန်ထမ်းတွေက လုပ်နေ ကြတာပဲ၊ ဒီဆေးတွေက အထဲဝင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်သလို လွယ်လဲမလွယ်ဘူး၊ လုံခြုံရေးအရမ်းတင်းကြပ်တဲ့ ထောင်တခု ပါ။” လို့ ကျိုက်မရောဗဟိုအကျဉ်းထောင်နဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

ကျိုက်မရောဗဟိုအကျဉ်းထောင်မှာဆိုရင် မွန်၊ ကရင်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးအပါအဝင် ဒေသအသီးသီးက နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား/သူ (၄၀၀)နီးပါးရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

အဆိုပါအကျဉ်းထောင်ထဲကို မူးယစ်ဆေးဝါးဖြန့်ဖြူးနေတဲ့သူဟာ ပါဆယ်ဌာနတာဝန်ခံ ဒုကြီးကြပ်ရေးမှူးနဲ့အတူ ထောင်တွင်း ဝန်ထမ်းတချို့က ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပြီး အဲဒီထဲကို (WY)လို့ခေါ်တဲ့ စိတ်ကြွ ရူးသွပ်ဆေးပြားတွေကို အဓိက ရောင်းဝယ် နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်နဲ့နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ (WY) စိတ်ကြွရူးသွပ်ဆေးပြားတစ်လုံးကို အမျိုးအစားအပေါ်မူတည်ပြီး တလုံးကို ငွေကျပ်(၅၀၀၀)ကနေ (၁၀၀၀၀)အထိ ပေးဝယ်ရတယ်လို့ ဆိုပါတယ်။

“ အခုက ထောင်ထဲမှာက နိုင်ကျဉ်းတွေအပြင် တခြား ခိုးဆိုးလုယက်မှုတွေ၊ မူးယစ်အမှုကလူတွေလဲ ရှိလာတယ်၊ သူတို့ရဲ့ ပစ်ခတ်မှတ်က နိုင်ကျဉ်းရယ်လို့မဟုတ်ဘူး၊ စီးပွားအဖြစ်လုပ်နေတဲ့သဘောမှာ ရှိတယ်။ ဈေးကလည်း ၅၀၀၀ ကနေ ၁၀၀၀၀ ကြား အထိဆိုတော့လေ။” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ဆိုပါတယ်။

လက်ရှိမှာတော့ ထောင်တွင်းမူးယစ်ဆေးဝါးရောင်းဝယ်မှုဟာ ပိုမို များပြားလာသလို ရေရှည်မှာ ထိန်းချုပ်အရေးယူမှုမရှိရင် နိုင်ငံရေး အကျဉ်းသားတွေလည်း ဆိုးဝါးတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ မွန်ပြည်နယ်မှ နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေး နေတဲ့ ဥပဒေကျွမ်းကျင်သူတဦးက မှတ်ချက်ပေးပါတယ်။

“ ဒီဟာက ကျွန်တော်တို့လည်း ကြားနေရတယ်၊ ပြောရရင် ဒီဟာတွေက ဖြစ်နေတာ အခုခေတ်ကတည်းက မဟုတ်ဘူး၊ အရင်ကတည်းကလည်း ဖြစ်နေတာရှိခဲ့တယ်ပေါ့နော်၊ ပြောရရင် သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေ စုံစမ်းဖော်ထုတ်ပြီး အရေးမယူဘူး ဆိုရင် ပြဿနာ ပိုကြီးလာနိုင်တယ်၊ အဓိက အဲဒီရောင်းဝယ်လုပ်နေတဲ့သူတွေကို သေချာစစ်၊ ချက်ချင်းအရေးယူတာလုပ်သင့်တယ်၊ တကယ်လို့သာ ဒီလိုမလုပ်ဘူးဆိုရင် နိုင်ကျဉ်းတွေဘက်ကို ကူးစက်လာနိုင်တယ်၊ ဘာလို့ဆို အတင်းအကြပ်ဖိအားပေးဝယ်ယူရမယ်၊ မထူးဘူးကွာ စမ်းသုံးမိတာလည်း ဖြစ်သွားနိုင်တယ်။ ဒီကိစ္စကို ဖော်ထုတ်ပြီး အရေးဖို့ လိုတယ်။” လို့ အဲဒီဥပဒေပညာရှင်က ပြောပါတယ်။