ဇွန်၊ ၅
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ် ညောင်ပင်ကြီး ကျေးရွာအုပ်စု မှာ စစ်ကောင်စီတပ်ကြပ်ကြီးတဦးကို ဖမ်းဆီးရမိတယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ထံက သိရပါတယ်။
ဆားလင်းကြီးနယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေထဲက လူစုကွဲလာတဲ့ တပ်ကြပ်ကြီးတဦးကို ဇွန်လ ၄ ရက် မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အဲဒီပအဖတာဝန်ရှိသူတဦးက ပြောပါတယ်။
” မနေ့က ကျွန်တော်တို့ တပ်ကြပ်ကြီးတယောက် ဖမ်းမိထားတယ်။ သူက သူ့တပ်ဖွဲ့ကနေ ကွဲလာတာ၊ ကျွန်တော်တို့က အလစ်ဝင်ပြီး ဆွဲလာတာ ” လို့ ဆားလင်းကြီးမြို့နယ် ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစစ်ငြိမ်းက ပြောပါတယ်။
ဖမ်းဆီးရမိသူဟာ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၇၀၄ က အသက် ၅ဝ အရွယ် တပ်ကြပ်ကြီး ဝင်းအောင် ကိုယ်ပိုင်အမှတ် ၁၃၈၅၇၇၇ ဖြစ်တယ်လို့လည်း သိရပြီး ဖမ်းဆီးရမိစဉ်မှာ မူးယစ်ဆေးဝါး သုံးစွဲထားတာ တွေ့ရတယ်လို့လည်း ဆက်ပြောပါတယ်။
” သူ့ကို စစ်မေးထားတာ ရသလောက်ကတော့ ဝမ်ပေါင်ကို လက်နက်ကြီး လာဆင်ပေးတာလို့ ပြောတယ်။ ဝမ်ပေါင်ကို လက်နက်ကြီး တပ်ဆင်ပေးတာကတော့ ရှင်းတယ်။ သူတို့က အဲ့ဒီထဲကနေ လက်နက်ခဲယမ်းတွေ ဖြန့်ပေးတယ်။ အရင်တိုက်ပွဲတွေတုန်းကလည်း ဝမ်ပေါင်ကနေ ပစ်ကူပေးတာတွေ ရှိခဲ့တယ် ” လို့ ဆားလင်းကြီး ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုစစ်ငြိမ်းက ပြောပါတယ်။
တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီဟာ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းဒေသမှာ ကြေးနီထုတ်လုပ်တဲ့ စီမံကိန်းကို သတ္တုတွင်းဝန်ကြီးဌာနနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်တို့နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီတရုတ်အစိုးရပိုင်လုပ်ငန်းဟာ သူတို့ လုပ်ငန်းဝင်းအတွင်းမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို စခန်းချခွင့်ပေးထားပြီး အထောက်အပံ့တွေ ပေးနေသလို အရင်တုန်းက တိုက်ပွဲတွေမှာလည်း အဲဒီဝင်းထဲကနေ ပစ်ကူပေးတာရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက လက်ပံတောင်းတောင် စီမံကိန်း အနီးဝန်းကျင်ကျေးရွာတွေကို နယ်မြေရှင်းလင်းတယ်ဆိုပြီး စစ်ကြောင်းထိုးလေ့ရှိသလို ဒေသခံကာကွယ်ရေးတပ်တွေကလည်း အဲဒီဝမ်ပေါင်လုပ်ငန်းခွင်ကို မကြာခဏ တိုက်ခိုက်လေ့ ရှိပါတယ်။
လက်ရှိအချိန်မှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ကြပ်ကြီးကို လုံခြုံတဲ့နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်တာတွေကို စစ်ဆေးမေးမြန်းနေသလို စစ်ကောင်စီတပ်က စွန့်ခွာဖို့ CDM ဝင်ခိုင်းဖို့ ဖျောင်းဖျနားချနေတယ်လို့လည်း ပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီအတွင်းမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေ လုံခြုံရေးယူပေးထားတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပူးပေါင်းတပ်တွေဟာ ညတိုင်းလိုလို လမ်းသွားလမ်းလာတွေကို ပစ်ခတ်တာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
“ ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီရဲ့ထောက်ပို့စခန်းလို ဖြစ်နေတာ။ စစ်ကူလိုရင် ပစ်ကူပေးတယ်။ အကြိုအပို့တွေ လုပ်ပေးတယ်။ တရုတ်ကုမ္ပဏီက စကစနဲ့ အကျိုးတူပူးပေါင်းနေတယ် ” လို့ ကိုစစ်ငြိမ်းက ဆိုပါတယ်။
ဓာတ်ပုံ – Social Media