ဇွန်၊ ၅
ရန်ကုန် စက်မှုဇုန်တွေက စက်ရုံ၊ အလုပ်ရုံတွေနဲ့ ကုမ္ပဏီတွေကို မီတာခ လေးဆလောက်တိုးကောက်ပြီး မီး မှန်မှန်အသုံးပြုခွင့်ပေးဖို့ စစ်ကောင်စီက စီစဉ်နေပြီး အဲ့ဒီအစီအစဉ်ကို လက်ခံလိုခြင်း ရှိ မရှိ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ တွေကတဆင့် လုပ်ငန်းရှင်တွေဆီက သဘောထားတွေ တောင်းယူစုဆောင်းနေတယ်လို့ စက်ရုံလုပ်ငန်းရှင်အသိုင်းအဝိုင်းဆီက သိရပါတယ်။
ရွှေပြည်သာစက်မှုဇုန် (၁)စီမံခန့်ခွဲရေးကော်မတီက စက်ရုံ၊ အလုပ်ရုံတွေဆီ ပေးပို့တဲ့ အကြောင်းကြားစာပါ အချက်အလက်တွေအရ စက်ရုံ၊ အလုပ်ရုံတွေအနေနဲ့ မီးမှန်မှန်ရဖို့အတွက် လျှပ်စစ်တယူနစ်ကို ကျပ်လေးရာကနေ ငါးရာလောက်အထိ ကောက်ခံမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီသတ်မှတ်ချက်အတိုင်း လျှပ်စစ်မီးရယူလိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ လိုအပ်တဲ့ အချက်အလက်တွေနဲ့အတူ အဆိုပြုတင်ပြဖို့လည်း အကြောင်းစာမှာ ဖော်ပြထားပါတယ်။
အဲဒီအဆိုပြုချက်တွေ တင်ပြဖို့ စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေအားလုံးကို အကြောင်းကြားထားတာဖြစ်ပြီး ဒီကနေ့ (မေ ၅ ရက်)မှာ သက်ဆိုင်ရာ စက်မူဇုန်ကြီးကြပ်ရေးကော်မတီရုံးဆီ နောက်ဆုံးထားပြီး တင်ရမှာလို့ အထည်ချုပ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
” ဒီကိစ္စ ဆွေးနွေးထားကြတာ သိပ်မကြာသေးဘူး၊ အခုအဆိုပြုချက်တွေ စုပြီး တင်မှာပေါ့၊ ခွင့်ပြုချက်ရမယ်လို့လည်း ထင်တယ် ” လို့ သူကပြောပါတယ်။
စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေအနေနဲ့ လက်ရှိမှာ လုပ်ငန်းသုံးအနေနဲ့ သုံးစွဲတဲ့ယူနစ် ပမာဏအလိုက် တယူနစ်ကို ၁၂၅ ကျပ်ကနေ ၁၈၀ ကျပ်အထိ ပေးချေနေကြရတာဖြစ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် မီးမှန်မှန်ရရင် မီတာခ နှစ်ဆအထိ တိုးပေးဖို့ လုပ်ငန်ရှင်တွေဘက်က စတင်ဆွေးနွေးတောင်းဆိုမှုတွေ ရှိခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အခုအဆိုပြုချက်သာ အလုပ်ဖြစ်ခဲ့ရင် စစ်ကောင်စီအနေနဲ့ လုပ်ငန်းရှင်တွေဆီကနေ လျှပ်စစ်သုံးစွဲခ တိုးမြှင့်ရရှိလာမှာ ဖြစ်ပေမယ့် တဘက်မှာတော့ သူတို့ကိုပေးမယ့် လျှပ်စစ်အားဟာ အများပြည်သူဆီက ခွဲဝေပေးရမယ့်သဘော ဖြစ်တာကြောင့် ပြည်သူတွေ လျှပ်စစ်မီး မလုံလောက်မှု ပိုမိုဆိုးရွားလာနိုင်တယ်လို့ ရန်ကုန်မြို့ခံတချို့က ထောက်ပြကြပါတယ်။
” ပြည်သူတွေက နဂိုကမှ လျှပ်စစ်မီး တရက်လေးနာရီတောင် နပ်မမှန်တာ၊ လုပ်ငန်းတွေကို ထပ်ခွဲပေးရရင် မီးမသုံးရဖို့ပဲ ရှိတော့မယ် ” လို့ သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတဦးက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နွေရာသီကာလမှာ ပြည်သူအများစုဟာ မီးပျက်တဲ့ဒါဏ် ဆိုးရွားစွာခံနေရပေမယ့် စစ်ကောင်စီနဲ့ ပတ်သက်သူတွေ၊ လျှပ်စစ်ရုံးနဲ့နီးစပ်တဲ့ သူဌေးတွေအိမ်မှာ လျှပ်စစ်မီးမပျက်ဘဲ အခွင့်ထူးခံခွင့်ရတာတွေ ရှိခဲ့တယ်ဆိုပြီးတော့လည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
လက်ရှိအချိန်အထိလည်း ရန်ကုန်မြို့မှာ အများပြည်သူကို လေးနာရီခြား မီးပေးတဲ့စနစ် ကျင့်သုံးနေဆဲဖြစ်ပြီး အဲဒီလေးနာရီမှာတောင် လျှပ်စစ်မီး မှန်မှန်သုံးစွဲခွင့်ရတဲ့ အခြေအနေမရှိပါဘူး။
ဓာတ်ပုံ – Google