ခင်ဦးမှာ စစ်ကြောင်းဆက်ထိုးပြီး မီးရှို့နေလို့ ဒေသခံထောင်ချီစစ်ရှောင်ရ

ဇွန်၊ ၅
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို စစ်ကောင်စီစစ်ကြောင်းက ဇွန်လ ၄ ရက် မနေ့က ညနေ ၄ နာရီခန့်မှာ လေးကြိမ်မြောက် မီးရှို့ခဲ့လို့ ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ စုံစမ်းသိရပါတယ်။
 
“ လူထောင်ချီ စစ်ရှောင်နေရတော့ အစစအရာရာ ခက်ခဲနေတာပေါ့။ ထမင်းထုပ်ဝေငှတဲ့ အခါမှာလည်း လုံလာက်တာမရှိဘူး “ လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
 
အင်အား ၁၀၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကံသစ်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ‌ကြောင့် ဒေသခံထောင်ချီဟာ စစ်ဘေး​ရှောင်နေရတာလည်းဖြစ်ပါတယ်။
 
ကံသစ်ရွာကို စစ်ကောင်စီစစ်ကြောင်းက သုံးကြိမ်မီးရှို့ဖျက်ဆီးခဲ့ပြီး၂၀၂၂ ခုနှစ်၊ ဇွန်လက နေအိမ် ၅၂ လုံး၊ နိုဝင်ဘာလက နေအိမ် ၇ လုံး၊ ၂၀၂၃ ခုနှစ်၊ မေလကနေအိမ် ၁၉၅ လုံး ပြာကျခဲ့ကြောင်း သိရသည်၊
 
“ ဒီနေ့ ပျက်စီးတာကိုတော့ မသိရသေးဘူး။ စစ်ကြောင်းက ခုထိရှိနေသေးတော့ ဒေသခံတွေကလည်း ပြန်မဝင်ရသေးဘူးလေ။ အဲ့တော့ ထိခိုက်ပျက်စီးတာတွေ မသိရသေးဘူး ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
ဒါ့အပြင်ခင်ဦးမြို့နယ်ထဲမှာ ဇွန်လ ၄ရက်မနက်ပိုင်းက စစ်ကြောင်းထိုးမှုတွေကြောင့် အသက် ၆၆ နှစ်အရွယ် အဖွားအိုတဦး စစ်ရှောင်ရင်း သေဆုံးခဲ့ရပြီး စစ်ရှောင်တဲ့ရွာမှာပဲ သဂြိုလ်ခဲ့ရတယ်လို့လည်း သိရပါတယ်။
 
ခင်ဦးနယ်ထဲမှာပဲ ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေထဲမှာလည်း အလားတူ စစ်ရှောင်ရင်း သက်ကြီးရွယ်အို သုံးဦး သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဒီလ ၁ ရက်ကနေ စတင်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းက ဒေသခံပေါင်း တသောင်းကျော်ဟာ စစ်ရှောင်ခဲ့ရတာပါ။
 
အဲဒီစစ်ရှောင်တွေထဲကနေ အိမ်ကိုပြန်နေကြတဲ့သူတွေ ရှိပေမယ့် တချို့တဝက်ကတော့ တိမ်းရှောင်နေရဆဲဖြစ်တယ်လို့လည်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။
 
စစ်အာဏာသိမ်းပြီးကတည်းက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်ကောင်စီစစ်ကြောင်းထိုးမီးရှို့မှုတွေ အကြိမ်ကြိမ်လုပ်နေတာကြောင့် ကျေးရွာပေါင်း ၇၀ ကျော်မှ နေအိမ် ၅၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတာပါ။
 
စစ်ဘေးရှောင်တွေအတွက် ကူညီလှူဒါန်းမှု ပြုလုပ်ချင်တာရှိရင် ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ ကနေတဆင့် လှူဒါန်းကူညီနိုင်ပါတယ်လို့လည်း အဲ့ဒီအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
 
“ စားရေးသောက်ရေးရော နေထိုင်တာရော အကုန်ခက်ခဲတွေရှိတာပေါ့။ စစ်ရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေရော ခလေးတွေရော ပါတယ်ပေါ့။ သူတို့အတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်‌ရှောက်မှု မရှိဘူး “ လို့ သူကပြောပါတယ်။
 
ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
ပုံစာ – စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာတွေမှာ ဇွန်လ ၁ ရက်ကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရစဥ်။ (ပုံဟောင်း)