ကောလင်းမှာ ပီဒီအက်ဖ်တဦးသေဆုံး၊ ဒေသခံနှစ်ဆယ်ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းသွား

ဇွန်၊ ၄
 
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်း၊ ကျောက်ပြင်သာရွာမှာ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို ခုတ်ပိုင်းသတ်ဖြတ်ခဲ့ပြီး ဒေသခံအရပ်သား နှစ်ဆယ်ကျော်ကိုလည်း လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
 
ယမန်နေ့ ဇွန်လ ၃ ရက်က ကျောင်ပြင်သာရွာ မှာ စစ်ကောင်စီစစ်ကြောင်းကို ကင်းထောက်ရန် သွားရောက်တဲ့ အင်းပင်လှ ကျေးရွာက အသက် ၂၈ နှစ်အရွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦး ဖမ်းဆီးခံလိုက်ရပြီးနောက် ညှင်းပန်းနှိပ်စက်ကာ အပိုင်းပိုင်းခုတ်ပြီး သတ်ဖြတ်ခံထားရတယ်လို့ ကောလင်းမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
 
“ ဇွန်လ ၂ ရက်က ကိုးတောင်ဘို့က စခတွေ ကျောက်ပြင်သာရွာထဲ ရောက်လာတယ်။ မနေ့မနက်က စစ်တပ်ထွက်သွားပြီထင်ပြီး ဝင်ကြည့်တာ ပကဖ ဖမ်းခံရတယ်။ ကျန်တဲ့ ရွာသား ၁၃ ဦးလည်း အဲ့လိုပဲ ဖမ်းဆီးခံရတာပါ။ အခုလည်း စစ်ကြောင်းထပ်ရောက်လာလို့ ဖုန်းလိုင်းတွေ ပြတ်နေတယ်။ အခုက စစ်ကြောင်းက ဥမင်ကုန်းရွာ မှာ ရောက်နေတယ် ” လို့ ကောလင်းမြို့နယ် ဒေသခံတဦးက ပြောပါတယ်။
 
အဲဒီနေ့ ဇွန်လ ၃ ရက်မှာပဲ ဒေသခံအရပ်သား ၁၃ ဦးဟာလည်း စစ်ကြောင်းထွက်သွားပြီအထင်နဲ့ ရွာထဲကို ပြန်လည်ဝင်ရောက်ရာက စစ်ကြောင်းနဲ့ တိုးကာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
 
ဇွန်လ ၂ ရက်မှာလည်း အဲဒီစစ်ကြောင်းဟာ ရှောက်ပင်ဝိုင်းရွာသား ၁၀ ဦးခန့်ကို ဖမ်းဆီးပြီး သစ်ဖုလတောင် ကို ခေါ်သွားတယ်လို့ သိရပါတယ်။
 
အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇွန်လ ၂ ရက်နေ့ကလည်း ဝါးရုံခုံ ကျေးရွာကနေ ကျောက်ပြင်သာ ရွာဘက်ကို စစ်ကြောင်းပြန်ထိုးချိန်မှာ ဥမင်ကုန်းရွာ အရှေ့ဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
 
အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးဟာ လက်နက်ကြီး ထိမှန်ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပါဘူး။
 
လက်ရှိမှာ ဥမင်ကုန်း၊ တောင်ကြီး၊ တောင်ပလူ၊ ကျောက်ပြင်သာ၊ ရှောက်ပင်ဝိုင်း၊ ဘန်ဘွေးကုန်း၊ ကသစ်ကုန်း စတဲ့ ကျေးရွာသားတွေဟာ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
 
မေလ ၂၆ ရက်ကတည်းက ဒီနေ့အထိ စစ်ကောင်စီ စစ်ကြောင်းဟာ ကောလင်းမြို့ အရှေ့ခြမ်းက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ကျေးရွာပေါင်း ၁၈ ရွာက ဒေသခံတွေ စစ်ရှောင်ခဲ့ရသလို လက်ရှိမှာ တချို့ရွာသားတွေက ပြန်လည်ဝင်ရောက်နေထိုင်တာတွေ ရှိတယ်လို့ သိရပါတယ်။ 
ဓာတ်ပုံ​- ကောလင်းပီဒီအက်ဖ်