ဇွန်၊ ၄
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ ဒီကနေ့ ဇွန်လ ၄ ရက် မနက်ပိုင်းက စစ်ကြောင်းထိုးမှုတွေကြား အဖွားအိုတဦး စစ်ရှောင်နေရင်း အမောဖောက် သေဆုံးခဲ့တယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်ထဲကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေက စစ်ကြောင်း ရွာစဉ်လှည့်ထိုးနေတာဖြစ်ပြီး စစ်ကောင်စီတပ်တွေ တပ်စွဲခဲ့တဲ့ ခင်ဦး၊ မရမ်းအင်းကျေးရွာမှာတော့ အသက် ၆၆ နှစ်အရွယ် အဖွားအိုတဦး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
” ရာသီဥတုလည်း ဆိုးရွား၊ လက်နက်ကြီးသံတွေကြား ပြေးရတော့ အမောဖောက်ပြီး ဒီကနေ့ မနက် ၃ နာရီက ဆုံးသွားတာ၊ စစ်ရှောင်တဲ့ ရွာမှာပဲ သင်္ဂြိုလ်လိုက်ရတယ်။ ပြန်မသယ်နိုင်ဘူး၊ လက်ရှိလည်း စစ်ကြောင်းက ကံသစ်ရွာကို ထပ်ထွက်သွားပြန်ပြီ ” လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းက DNA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေမှာလည်း အလားတူပဲ စစ်ရှောင်ရင်း သက်ကြီးရွယ်အို သုံးဦးအထိ သေဆုံးရတဲ့ ဖြစ်စဉ်တွေ ခင်ဦးနယ်ထဲမှာ ဖြစ်ခဲ့တယ်လို့ ဆက်သိရပါတယ်။
လက်ရှိစစ်ကြောင်းကြောင့် ခင်ဦးမြို့နယ် အနောက်ခြမ်းက ဒေသခံ တသောင်းကျော်ဟာ
ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ ဒေသခံတချို့ ရွာပြန်ကြတာရှိပေမယ့် မရမ်းအင်းကျေးရွာက ဒေသခံတွေကတော့ အိမ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။
” စစ်ကြောင်းက ကံသစ်ရွာကို ထွက်သွားတယ်။ အဲဒီရွာဆိုလည်း တလောကမှ မီးရှို့ထားတာကို ထပ်ဝင်သွားတယ် ” လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ဆက်ပြောပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့မှုတွေ အကြိမ်ကြိမ်လုပ်နေတဲ့ ခင်ဦးနယ်ထဲမှာဆိုရင် ကျေးရွာပေါင်း ၇၀ ကျော်က နေအိမ်ပေါင်း ငါးထောင်ကျော် မီးရှို့ ဖျက်ဆီးခံထားပါတယ်။
ဓာတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး