မေလအတွင်း သေဆုံးသူအမျိုးသမီး သုံးဆယ်နီးပါးမှာ မီးရှို့သတ်ဖြတ်ခံရသူ ၁၄ ဦးပါဝင်

ဇွန် ၊ ၄

စစ်ကောင်စီတပ်တွေလက်ချက်နဲ့ပြီးခဲ့တဲ့ မေလ တလအတွင်းမှာ ဒီမိုကရေစီလှုပ်ရှားသူအမျိုးသမီးသေဆုံးတာ ၂၉ ဦးရှိပြီး ၁၄ ဦးကတော့ အရှင်လတ်လတ်မီးရှို့ခံရတာဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ Burmese Women’s Union ကဇွန်လ၁ရက်ကထုတ်ပြန်ပါတယ်။

ဒီနှစ် ၂၀၂၃ ခုနှစ်၊မေလ၁ရက်ကနေ မေလ၂၉ရက်အတွင်းမှာ  စစ်ကောင်စီတပ်တွေဟာအမျိုးသမီး ၄၄ဦးကိုဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး ၂၉ဦးထိသေဆုံးစေခဲ့တာဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 “ စစ်တပ်ကသူ့အာဏာတည်မြဲဖို့ သူဆက်ပြီးအုပ်ချုပ်နိုင်ဖို့အတွက် သူ့ကို ပုန်ကန်တဲ့လူ ဆန့်ကျင်တဲ့လူကို သူကဖမ်းဆီးသတ်ဖြတ်တာတွေလုပ်လေ့ရှိတယ် ။အဲထဲမှာ အမျိူးသမီးတက်ကြွလှုပ်ရှားသူတွေ အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့သူတွေကိုလည်း ဦးတည်ဖမ်းဆီးတာတွေ သတ်ဖြတ်တာတွေလုပ်နေတာ။ ခုအာဏာသိမ်းပြီး နှစ် နှစ်ကျော်ထိကိုဆက်လက်လုပ်ဆောင်နေတယ်” လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဒေါ်နန်းမို့မို့ ကပြောပါတယ်။

အမျိုးသမီး ၂၉ ဦးသေဆုံးတဲ့ အနက် စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းချိန်မှာ မီးရှို့သတ်ဖြတ်ခံရလို့ ၁၄ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှစ်ဦး၊ပစ်ခတ်သတ်ဖြတ်မှုကြောင့် ခြောက်ဦးနဲ့  လက်နက်ကြီးထိမှန်လို့ တဦး သေဆုံးခဲ့တာပါ။

သေဆုံးသူအမျိုးသမီးတွေထဲမှာ ပဲခူးတိုင်းကအများဆုံးဖြစ်ပြီး ၁၄ဦး ၊ စစ်ကိုင်းတိုင်းက၁၃ဦး ၊ မန္တလေးတိုင်းနဲ့ကယားပြည်နယ်တို့မှာ တဦးစီသေဆုံးခဲ့ပါတယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂက ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ အမျိုးသမီး ၄၄ဦးကို ဖမ်းဆီးရာမှာ   မန္တလေးတိုင်းက  ၁၃ ဦး နဲ့ အများဆုံးဖြစ်ပြီး တနင်္သာရီတိုင်းကဆယ်ဦး ၊ ပဲခူးတိုင်းက သုံးဦး ၊ရန်ကုန်တိုင်း ၊မကွေးတိုင်း နဲ့  ကရင်ပြည်နယ်မှာ နှစ်ဦးစီနဲ့ အခြားပြည်နယ်နဲ့တိုင်းတွေက လည်းပါဝင်ပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ မေလတလတည်းမှာပဲ စစ်ကောင်စီလက်အောက်ခံတရားရုံးတွေက တဖက်သတ်အမိန့်ချလို့ ထောင်ဒဏ်ချမှတ်ခံလိုုက်ရသူ အမျိုးသမီးပေါင်း လေးဆယ်ဦးအထိရှိတယ်လိုကလည်း ဖော်ပြထားပါတယ်။

 

စစ်တပ်ကအာဏာသိမ်းတဲ့ အချိန်ကနေ ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်အထိ အမျိုးသမီး စုစုပေါင်း ၃၅၁၇ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အဲဒီထဲက အမျိုးသမီး ၈၅၉ဦးဟာ ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားခဲ့ရပြီး ၅၄၂ဦးကတော့ သေဆုံးခဲ့ရပါတယ်။

ဒီစာရင်းတွေကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်အရေးအသင်း AAPP က အဓိက ရယူပြီးခိုင်လုံတဲ့ သတင်းမီဒီယာတွေကရေးသားမှုအပေါ် မြန်မာ့အမျိုးသမီးသမဂ္ဂ ကနေ ကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်ကာ မြေပြင်မှာ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေက ဒီလိုသတ်ဖြတ်နေတာတွေဟာ သူ(စစ်ကောင်စီ)တို့ ကျူးလွန်တဲ့ရာဇဝတ်မှုကိုဆက်ပြီးကျူးလွန်နေပါတယ်ဆိုတဲ့သက်သေဖြစ်သလို ဒါတွေအတွက်တာဝန်ယူရမှာဖြစ်ပြီး ထိရောက်တဲ့အပြစ်ပေးအရေးယူမှူတွေကို လုပ်ဆောင်ခံရမှာဖြစ်ပါတယ်လို့လည်းအမျိုးသမီးရေးလုပ်ရှားသူတွေက ဆိုပါတယ်။

“အထူးသဖြင့်အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ ကလေးတွေကိုဦးတည်ပြီးအကြမ်းဖက်တာဟာ လုံးဝလက်ခံလို့မရတဲ့ ကင်းလွတ်ခွင့်ပေးလို့မရတဲ့ ရာဇဝတ်မှုဖြစ်တဲ့အတွက် သူ့ကိုအပြစ်ပေးအရေးယူရမှာဖြစ်ပါတယ်” လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ တာဝန်ရှိသူဒါ်နန်းမို့မို့က ပြောပါတယ်။

Photo-Social Media