ဇွန် ၊ ၄
တနင်္သာရီတိုင်းအတွင်းက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကန့်သတ်ပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာလုံးဝ သယ်ယူ ပို့ဆောင်ခွင့်မရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်းစစ်ရှောင်အရေးအကူအညီပေးနေသူတွေထံမှ သိရပါတယ်။
“ တချို့မြို့နယ်တွေမှာ ဟုတ်တယ်၊ ဘယ်လိုပြောရမလဲ၊ ဖမ်းဆီးခံရတဲ့ဟာမျိုးပေါ့နော်၊ ထောက်ပို့နဲ့ ချိတ်ဆက်ရှိလို့တယ်၊ နောက်ပိုင်းမှာ သယ်ယူပို့ဆောင်ရေးအပိုင်းရော၊ ရိက္ခာဝယ်ခြမ်းရတဲ့အပိုင်းတွေမှာ အခက်အခဲရှိနေတယ်၊ ပုံမှန်တိုင်း ရေလမ်းကနေ သယ်မယ်ဆိုရင်လည်း လုံးဝသယ်လို့မရတော့ဘူး၊ ဥပမာ-ထားဝယ်-ထီးခီးလမ်းပိုင်းဘက်ဆိုရင် ဘယ်လိုမှ မရတော့ဘူး၊ တချို့နေရာ တွေ ခေါက်ဆွဲခြောက်တွေ၊ ငါးသေတ္တာတွေ စတဲ့ဟာတွေပေါ့နော်၊ လုံးဝသယ်ခွင့်မရှိဘူး။ အခြေခံစားသောက်ကုန်တွေ ပေါ့နော်၊ ဆေးဝါးတွေ အကုန်လုံးပါတယ်။ ဘယ်လိုပြောမလဲ ဖြတ်လေးဖြတ်ပုံစံမျိုးပေါ့နော်၊ သူတို့လုပ်ထားတာ။” လို့ ဒေါနတနင်္သာရီ- စစ်ရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီလိုမျိုး ရိက္ခာသယ်ဆောင်ခွင့်ကန့်သတ်လိုက်တာဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ပုလော၊ တနင်္သာရီ၊ ထားဝယ် စတဲ့မြို့နယ်တွေမှာ အဓိက ကြုံတွေ့နေရပေမယ့် ကျန်တဲ့မြို့နယ်တွေမှာလည်း အကန့်အသတ်နဲ့သာ သယ်ယူပို့ဆောင်ခွင့်ရနေကြတာဖြစ်ပါတယ်။
“ ကျန်တဲ့နေရာတွေက မခက်ခဲဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော်၊ ခက်ခဲတာပဲ၊ ဒါပေမယ့် သူတို့ကန့်သတ်ထားတဲ့အရေအတွက်ပဲ သယ်ယူရမယ်ဆိုရင်လည်း အကန့်အသတ်နဲ့ပဲပေါ့နော်၊ လျှော့ကျသွားတဲ့အနေအထားတော့ မရှိဘူး၊ တိုက်ပွဲပြင်းထန်တဲ့နေရာမျိုးမှာ ပိုပြီး ဖြစ်တာပေါ့နော်။” လို့ အဲဒီအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ဒါအပြင် ဒီလိုမျိုး အကန့်အသတ်နဲ့ သယ်ယူခွင့်ရရှိဖို့ကလည်း သက်ဆိုင်ရာဒေသအာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ထောက်ခံချက် ရယူပြီးမှသာ သယ်ဆောင်ခွင့်ပြုနေပေမယ့် စစ်ရှောင်တွေအတွက်ဆို လုံးဝသယ်ခွင့်မပေးနေသလို ဒေသခံတွေအနေနဲ့လည်း အများဆုံး ဆန်တအိတ်မျှသာ သယ်ယူခွင့်ရတယ်လို့ ဆိုပါတယ်။
“ အုပ်ချုပ်ရေးမှူးတွေက အိမ်ထောင်စုအလိုက်ကို စာရင်းတွေယူထားတာ၊ ဒီအိမ်မှာလူဘယ်နှစ်ဦးရှိလဲ အဲဒီလူတွေ တပတ်စာ စားဖို့အတွက်အတွက်ပဲ ဝယ်ခွင့်ပေးတယ်၊ ပိုလည်း ဝယ်ခွင့်မပေးဘူး၊ ” လို့ တနင်္သာရီမြို့နယ် ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေလှုပ်ရှားရာနယ်မြေတွေဘက်ကို အဝင်အထွက် သွားလာရတဲ့ လမ်းကြောင်းမှန်သမျှကို အင်အားအလုံးအရင်းနဲ့ ဂိတ်ချစစ်ဆေးတာတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေက ဒေသထွက်ရာသီပေါ်သီးနှံတွေ မြို့တက်ရောင်းရာမှာလည်း အခက်အခဲကြုံတွေ့နေရတယ်လို့ ပုလောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
“ဒညင်းသီး၊ ဒူရင်းသီး၊ ကွမ်းသီး စတဲ့ ရာသီပေါ်သီးနှံတွေကို မြို့တက်ပြီး ဈေးသွားရောင်းဖို့ အခက်အခဲရှိတယ်၊ သူတို့က လမ်းမှာ ဂိတ်တွေများကြီး ချတယ်၊ စစ်ဆေးတယ်၊ မေးတယ်၊ သူတို့ကိုပိုက်ဆံပေးရတယ်၊ မပေးရင် သွားလို့မရဘူး။ ပေးရတယ်ပေါ့အကို၊ တခါတလေ၊ သောင်းနဲ့ချီ၊ တခါတလေ သိန်းနဲ့ချီပေါ့၊ ပစ္စည်း များရင်များသလို ပေးရတယ်။” လို့ ပြောပါတယ်။
တနင်္သာရီတိုင်းမှာဆိုရင် နှစ်ဖက်တိုက်ပွဲကြောင့် ယခုလအတွင်းမှာ စစ်ရှောင်နေရတဲ့ အရပ်သား သုံးသောင်းနီးပါးအတွက်နေထိုင်စား သောက်ဖို့ကို NGO အဖွဲ့အစည်းတွေ၊ အလှူရှင်တွေ ထောက်ပံ့လှူဒါန်း ထားတာတွေနဲ့ ရပ်တည်နေရပေမဲ့ လုံလောက်မှုမရှိသေးဘူးလို့ စစ်ရှောင် အကူအညီပေးနေသူတွေက ဆိုပါတယ်။
“ကျွန်တော်တို့မှာ မြေပြင်ကအဖွဲ့တွေနဲ့ ချိတ်ဆက်စကားပြောရတဲ့အနေအထားကဆိုရင် နိုင်ငံတကာ အကူအညီပေးတာ သိပ်မတွေ့ရဘူးဗျ၊ အခုလို မြေပြင်မှာ ကူညီပေးနေတဲ့ အဖွဲ့တွေဆီ တိုက်ရိုက်ပေးတာမျိုးတော့ မတွေ့ဘူးပေါ့နော်၊ တချို့နေရာတွေဆို NGO တွေကနေတဆင့်ရောက်တာပဲ ကြားတယ်၊ အသုံးအဆောင်ပစ္စည်းတွေပဲ၊ ရိက္ခာအထောက်အပံ့အတွက် မတွေ့ရဘူး။” လို့ ဒေါနတနင်္သာရီ – စစ်ရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာလည်း တိုင်းအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိနာနေတာကြောင့် ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ စစ်ကြောင်းထိုးဝင်ရောက် တာတွေလုပ်ဆောင်နေပါတယ်။
အဲဒါောကာင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကလည်း ပိုမိုများပြားလာနိုင်တဲ့အတွက် လူသားချင် စာနာ ထောက်ထားမှုအကူအညီတွေ အမြန်ဆုံးရရှိဖို့ကို စစ်ရှောင်အရေး အကူအညီပေးနေကြသူတွေက မျှော်လင့်နေကြပါတယ်။
Photo-ဒေါနတနင်္သာရီစစ်ရှောင်များ အထောက်အကူပြုရေးအဖွဲ့