ရန်ကုန်မြို့ပြစစ်ဆင်ရေး ၂နှစ်တာကာလအတွင်း မြို့ပြတော်လှန်ရေးရဲဘော် အယောက် ၈၀ ကျဆုံးပြီး ထောင်ကျော်ဖမ်းဆီးခံရ

ဇွန် ၊ ၄

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်းမှာ  ၂နှစ်တာကာလအတွင်း မြို့ပြစစ်ဆင်ရေးပေါင်း ၂၀၀၀ ကျော်ကို ဆောင်ရွက်နိုင်ခဲ့ပြီး အဲဒီစစ်ဆင်ရေးတွေမှာ ကျဆုံးသူတော်လှန်ရေး ရဲဘော်အယောက် ၈၀ ကျော်ရှိခဲ့သလိုဖမ်းဆီးခံရသူ ၁၀၀၀ ကျော် ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲဌာနချုပ်က  မနေ့ ဇွန်လ ၃ ရက်က သတင်းထုတ်ပြန်ပါတယ်။

 ပြီးခဲ့တဲ့ ၂၀၂၁ ခုနစ်မေ လကစပြီး အခု ၂၀၂၃ မေလ အထိ မြို့ပြစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်က  ဗိုလ်ကြီးအဆင့်အပါအဝင် သေဆုံးသူ ၆၀၀ ကျော်ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူ ၉၀၀ ကျော်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 ‘’စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ရန်သူ့ဒေါက်တိုင်တွေယန္တာရားတွေကို ရိုက်ချိုးဖို့ ဦးစားပေးလုပ်ဆောင်တယ်။စီမံချက်နဲ့ ရန်သူအထိနာနိုင်မယ့်အရာမျိုးကို ဦးစားပေးလုပ်ဆောင်တယ်”လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲဌာနချုပ်က   သတင်းပြန်ကြားရေးနှင့်စိတ်ဓါတ်စစ်ဆင်ရေး တာဝန်ရှိသူတဦးကDNA ကိုပြောပါတယ်။

 ဒီစစ်ဆင်ရေးကာလတွေမှာ မတော်တဆထိခိုက်မှုတွေနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်ဖမ်းဆီးမှုတွေကြောင့်  မြို့ပြတော်လှန်ရေးရဲဘော် အယောက် ၈၀ ကျော်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူပေါင်း ၁၀၀ ကျော်ရှိခဲ့သလိုဖမ်းဆီးခံရသူ ၁၀၀၀ ကျော်ရှိခဲ့တယ်လို့လည်း ဆက်သိရပါတယ်။

ဒါ့အပြင် ၂နှစ်တာကာလအတွင်းမှာ စစ်ရေးပစ်မှတ် ၁၀၀၀ ကျော်၊ အုပ်ချုပ်ရေးပစ်မှတ် ၈၀၀ ကျော်၊ စီးပွားရေးပစ်မှတ် ၂၀၀ ကျော်လုပ်ဆောင်နိုင်ခဲ့ပြီး ဒီလှုပ်ရှားမှုတွေအတွင်း အထူးစစ်ဆင်ရေးလှုပ်ရှားမှု အကြိမ် ၅၀ နဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၅၀၀ ကျော်လုပ်ခဲ့သလို ဖောက်ခွဲတိုက်ခိုက်မှုပေါင်း၁၅၀၀ ကျော်လုပ်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

 “မြို့ပြဆိုတော့ ရန်သူ့နယ်မြေမှာလုပ်ရတာဆိုတော့ တော်တော်ခက်ခက်ခဲခဲလှုပ်ရှားဆောင်ရွက်ရတယ်။ မြို့ပြမှာရှိတဲ့အဖွဲ့အစည်းပေါင်းစုံက ကျွန်တော်တို့ COD အောက်က ဆောင်ရွက်နေရတဲ့ ရဲဘော်တွေက တော်တော် ခက်ခက်ခဲခဲ ဆောင်ရွက်ရတယ်။ တခါတလေကျရင် ကျွန်တော်တို့ COD အောက်ကနေ လွတ်ကင်းနေတဲ့ အဖွဲ့တွေရှိတယ်။ တချို့ဟာတွေက ရန်ကုန်ကလူစုံပဲ မျက်နှာတွေ ဖော်ပြလို့မရဘူး၊ ပေါ်ပေါ်ထင်ထင်လုပ်လို့မရပဲ ရန်သူ့လူတွေကလည်း စိမ့်ဝင်နေတော့ အသွင်ယူတာတွေလည်းအများကြီးရှိတယ်။ တချို့သော မစ်ရှင်တွေမှာလည်း သူတို့ကိုယ်တိုင် အသွင်ယူလုပ်တာတွေရှိတယ်” လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲဌာနချုပ်က   သတင်းပြန်ကြားရေးနှင့်စိတ်ဓါတ်စစ်ဆင်ရေး တာဝန်ရှိသူတဦးက ဆက်ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဇွန်လ ၁ ရက်နေ့ကရန်ကုန်တိုင်းစစ်ဒေသခွဲအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်း စစ်ဒေသခွဲရဲ့ ပထမဆုံး တပ်ရင်းအဖြစ် တပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းခဲ့ပြီးနောက် မြို့ပြပြောက်ကျား စစ်ဆင်ရေးတွေနဲ့ တောတွင်းကျေးလက် စစ်ဆင်ရေးတွေကို နည်းဗျူဟာကျကျ ဟန်ချက်ညီစွာပေါင်းစပ်ပြီး တိုက်ပွဲဖော်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ဌာနချုပ်က ဆိုပါတယ်။

 ရန်ကုန်တိုင်း စစ်ဒေသခွဲမှာ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F)၊ Special Task Force (S.T.F)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေနဲ့ အခြားတော်လှန်ရေးအင်အားစုတွေက ဒီစစ်ဆင်ရေးတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။