ပျူစောထီးအဖွဲ့ထဲဝင်ဖို့ ဖိအားပေးခံရလို့ နေရပ်စွန့်ခွာခဲ့တဲ့ ဂန့်ဂေါဒေသခံတွေ နေထိုင်ရေးနဲ့ ရိက္ခာအခက်အခဲ ကြုံနေရ

ဇွန် ၊ ၃

စစ်ကောင်စီတပ်သားတွေက ပျူစောထီးအဖွဲ့ထဲ ဝင်ဖို့ ဖိအားပေးလာတာကြောင့် ရွာကို စွန့်ခွာထွက်ပြေး လာတဲ့ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာဒေသခံတွေဟာ လက်ရှိမှာ နေထိုင်ရေးနဲ့ရိက္ခာ အခက်အခဲတွေ ကြုံ နေကြတယ်လို့ သိရပါတယ်။

“နေရပ်‌ဒေသစွန့်ခွာ လာတာဆိုတော့ စား‌ရေးသောက်ရေး၊ နေရေးထိုင်ရေး‌ပေါ့၊ အဓိကကတော့ မိုးတွေက အရမ်း ရွာနေတာ ဆိုတော့ နေထိုင်ဖို့ကပိုအခက်အခဲ ရှိတာပေါ့” လို့ အဲ့ဒီနေရပ်စွန့်ခွာလာသူတွေကို ကူညီပေးနေတဲ့ ဂန့် ဂေါဒေသအခြေစိုက် ABSDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောပါတယ်။

ဂန့်ဂေါမြို့မြောက်ဘက် မိုင်လေးဆယ်ဝန်းကျင်အကွာမှာရှိတဲ့ တောင်ခင်ရန်းကျေးရွာ ရဲစခန်းမှာ အာဏာ သိမ်းပြီး နောက် စစ်အုပ်စုက လာရောက်တပ်စွဲလေ့ရှိပြီး ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း မကြာခဏ သွား ရောက်တိုက်ခိုက်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း အဲ့ဒီရဲစခန်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တဦး အရပ်ဝတ်နဲ့အပြင်သွားချိန်မှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသလို မေလ ၂၅ရက်ကလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက အဲ့ဒီရဲစခန်းကို တိုက်ခိုက် ခဲ့ ကြပါသေးတယ်။

အရပ်ဝတ်နဲ့ အပြင်ထွက်တဲ့ စစ်အုပ်စုလက်အောက်ခံတဦး သတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ရွာခံတွေကို အကြောင်းရှာဖမ်းဆီးတာ၊သတ်ဖြတ်တာတွေ လုပ်ခဲ့သလို ပျူစောထီး အဖွဲ့ဖွဲ့ဖို့နဲ့ ရွာခံတွေကို ပျူ စောထီးအဖွဲ့မှာ ပါဝင်ဖို့ ဖိအားပေးခဲ့တာတွေကြောင့် ဒေသခံ ထောင်ချီနေရပ်စွန့်ခွာခဲ့ကြတယ်လို့သိရပါတယ်။

အဲ့ဒီလို နေရပ်စွန့်ခွာလာသူတွေကို ABSDF နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက နေထိုင်ရေးအဆင်ပြေဖို့အတွက် ယာယီတဲတွေဆောက်ပေးနေကြပေမယ့် လိုအပ်ချက်တွေတော့ ရှိနေသေးတယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာလာတဲ့ မိသားစုတွေထဲက ကလေးတွေကိုလည်း နီးစပ်ရာရွာတွေက NUG ကျောင်းတွေမှာ ကျောင်း အပ်ပေးထားတယ်လို့ သိရပါတယ်။

တောင်ခင်ရန်း ရွာကဒေသခံခံထောင်ချီ နေရပ်စွန့်ခွာခဲ့ကြပြီးနောက် ပျူစော ထီးအဖွဲ့ဝင်ဖို့ ရွာမှာကျန်နေခဲ့သူ တွေဟာလည်း စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ စခန်းထဲပြောင်းရွေ့နေထိုင်ကြတယ်လို့ ဆိုပါတယ်။