ဝက်လက်အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုလက်ချက်နဲ့ နဘဲပင်လှရွာသားတဦးသေဆုံး

ဇွန် ၊ ၃ 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေး ရွာတွေကို စစ်ကြောင်းထိုးနေတဲ့စစ်အုပ်စုက ဒီကနေ့နေ့လယ်ပိုင်းမှာ နဘဲပင်လှရွာစစ်ကြောင်းထိုးဝင်ခဲ့ပြီးရွာခံလူငယ်တဦးကိုနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

” စစ်ကြောင်းနဲ့တွေ့တော့ သူကဘုန်းကြီးကျောင်းထဲ ဝင်ပုန်းနေချိန် ဖမ်းမိသွားပါ၊ ရွာထဲမှာ အဘိုးကြီးနှစ်ယောက်လည်း ကျန်ခဲ့တယ်၊သူတို့မေးကြည့်တော့သူတို့နဲ့တူတူပြေးရင်နဲ့ ဖမ်းမိသွားတာပေါ့၊ကောင်လေးက သူကိုတအားနှိပ်စက်နေတော့တခါတည်းသတ်လိုက်ပါတော့လို့ပြောတဲ့အချိန် လည် လှီးသတ်သွားတာပါ၊အလောင်းကိုလည်း မီးရှို့သွားတယ် ” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသ ခံတဦးကပြောပါတယ်။

အဲဒီရွာကို စစ်အုပ်စု အင်အား ၁၀၀ ကျော်လောက်က ဒီကနေ့ နေ့လယ်နှစ် နာရီလောက်မှာ စတင် ဝင်ရောက်ခဲ့ပြီး ဒေသခံ အသက် ၁၈ နှစ်အရွယ် ကိုလှစိုးအောင် ကိုသတ်ဖြတ်ခဲ့သလို စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် အဘိုးအိုတဦးခြေထောက်မှာလည်း ထိခိုက်ဒဏ်ရာခဲ့တယ်လို့ မြေပြင်အခြေအနေတွေဖော်ပြပေးနေတဲ့ Wetlet Information Network ကလည်းဖော်ပြထားပါတယ်။

ဒါ့အပြင် အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတဲ့ နဘဲပင်လှရွာရှိ နေအိမ် ၆၀ ကျော်လောက်ကိုလည်း စစ်အုပ်စုကမီးရှို့ဖျက်ဆီးသွားတယ်လို့သိရပါတယ်။

ဝက်လက်မြို့နယ် အရှေ့ဖက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုက မေလ ၃၀ ရက်ကတည်းက စပြီး အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်း နှစ်ကြောင်းနဲ့ တပြိုင်တည်းဝင်ရောက်ခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

” ပထမတကြောင်းက ကျောက်မြောင်း ခမရ ၁၂ ကနေပြီးတော့ ဝက်လက်ထဲကို ဟန်လင်းအရှေ့ဖက်က ပခန်းသာဆိုတဲ့ ရွာကဝင်တယ်၊ဒုတိယတကြောင်းကကျတော့ လှတောဖက်ကနေဝင်လာတာပါဗျ၊အခုထိတော့ ရွာတွေကို ပတ်ပြီးစစ်ကြောင်းထိုးနေတယ် ” လို့ သူကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းနှစ်ကြောင်းဟာ ​လေးရက်အတွင်း တမာကန်၊ နဘဲပင်၊ ရုံပင်ကုန်း၊ညောင်ကန်၊တောင်ကုန်း၊အင်းဘဲကြီး၊ဆားတောင်နီ၊ငပိုကျောင်း၊ပိတောက်ခြုံ၊ရွာသစ်၊ဆင်နင်း၊ခင်ပင် စတဲ့ကျေးရွာ ၁၄ ရွာကို ဝင်ရောက်ခဲ့သလို တချို့ရွာတွေကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီစစ်ကြောင်းတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေမရှိခဲ့ပေမယ့် မိုင်းဆွဲတိုက် ခိုက်တာမျိုးတော့ ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

” နဘဲပင်လှ ရွာကိုတော့ စစ်အုပ်စုကရွာအတွင်းထဲကိုရှို့တာ၊ ကျန်တဲ့ရွာတွေကျတော့ ရွာအပြင်ကတောတိုက်တွေကိုပဲရှို့တာပါ၊သူတို့သွားတဲ့လမ်းတလျှောက်မိုင်းဆွဲတာနဲ့ ပျောက်ကြားဝင်တိုက်တာလောက်ရှိတာပေါ့၊သူတို့ဖက်က ကျတာရှိတယ်၊ ခင်ပင်ရွာဘုန်းကြီးကို သူတို့ သရဏဂုံတင်ပေးဖို့ ပြောတာတွေရှိတယ်၊အဲရွာမှာ သူတို့လူတွေကို မီးရှို့သွားတာလည်းရှိတယ် ” လို့ သူကပြောပါတယ်။ 

လက်ရှိမှာ ဝက်လက်မြို့နယ် အရှေ့ခြမ်းကို စစ်ကြောင်း ဝင်ရောက်နေတာကြောင့် စစ်ကိုင်း-ကျောက်မြောင်း ခရိုင်ချင်းဆက်အမှတ် -၃လမ်းပေါ်ရှိ ” တလိုင်းရွာကျေးရွာကနေ ရေလည်မော်ကျေးရွာအထိ လမ်းပိုင်းကိုအသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက အသိပေးထားပါတယ်။

နဘဲပင်လှရွာ မီးရှို့ခံနေရစဉ်