ပလက်ဝက မုန်တိုင်းသင့် ဒေသခံတွေ လက်ရှိအချိန်အထိ အကူအညီမရသေး

ဇွန် ၊ ၃

မိုခါမုန်တိုင်း တိုက်ခတ်ပြီး ရက် ၂၀ ရှိလာချိန်အထိ ချင်းပြည်နယ်၊ ပလက်ဝခရိုင်အတွင်းရှိ မုန်တိုင်းသင့် ပြည်သူတွေဟာ အကူအညီတွေ လုံးဝမရကြသေးဘူးလို့စစ်ရှောင်တွေနဲ့ မုန်တိုင်းဒဏ်သင့်သူတွေကိုကူညီနေသူတွေက ပြောပါတယ်။ 

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တဲ့ ပလက်ဝဒေသခံတွေဟာ လက်ရှိအချိန်အထိ စစ်ကောင်စီထံကရော နိုင်ငံတကာ ကူညီရေးအဖွဲ့အစည်းတွေဆီကရော ဘာအကူအညီမှမရကြသေးဘူးလို့သိရပါတယ်။

“လက်ရှိကကိုယ့်အားကိုယ် ကိုးမယ်၊ပြည်သူတိုင်း ရုန်းကန်နေရတာပဲ၊စကစဘက်ကတော့မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေဆီဆန်တဗူးတောင်မရောက်သေးဘူး၊လွန်ခဲ့တဲ့ တပတ်ကလည်း စကစတပ်က မြို့ပေါ်ကို ရောက်တယ်၊ သူတို့က တပ်ရင်း တပ်ဖွဲ့က လူတွေကိုတော့ ပေးပြီးတော့မှ ပြည်သူကို ဘာမှ မပေးဘူးဆိုတာကိုသတင်းတွေ ကြားရတယ်” လို့ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီနေသူတဦးက ပြောပါတယ်။ 

ပလက်ဝမြို့ပေါ်မှာ ဆန်ဈေးတွေလည်း အဆမတန် တက်နေသလို ရိုးရိုးဆန်တအိတ်ကို မြို့ပေါ်မှာ ရှစ်သောင်းခန့် ပေးနေရပြီး ကျေးရွာတွေဘက်မှာတော့ အဲဒီရိုးရိုးဆန်တအိတ် တသိန်းတသောင်းကျော်လောက်အထိ ဈေးရှိနေတယ်လို့ဆိုပါတယ်။

“အဓိကက ဆေးဝါးတွေ မလုံလောက်တောင်မှ ဆန်၊ ဆီ၊ ဆား လုံလုံလောက်လောက် စားနိုင်ရင် အဆင် ပြေတာပေါ့နော်၊မြို့ပေါ်မှာက ဒေသခံလည်း ရှိသလို၊ စစ်ရှောင်လည်း ရှိတယ်။ အများအားဖြင့် ပလက်ဝ လူဦးရေရဲ့ လေးပုံ သုံးပုံလောက်က နယ်တွေမှာ ရှိတော့ အဲဒါလည်း အရေးကြီးတယ်”လို့ ကူညီနေသူတဦးက ပြောပါတယ်။ 

ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ဆက်သွယ်ရေး ဖြတ်တောက်မှုတွေ ရှိနေသလို ဒေသခံပြည်သူတွေ မြို့ပေါ်ကို သွားရောက်ပြီ ဆန်၊ ဆီ၊  ဆားနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ ဝယ်ရင်လည်း စစ်ဆေးခံရတာနဲ့သိမ်းဆည်းခံရမှုတွေ မကြာခဏ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ပလက်ဝမြို့ပေါ်နဲ့ မြို့ အနီးဝန်းကျင်အပါအဝင် နယ်စပ်က စစ်ရှောင်စခန်းတွေမှာ နေထိုင်ရတဲ့ စစ်ဘေးရှောင်သူ ကိုးထောင်ကျော် ရှိပြီး အဲ့ဒီစစ်ဘေးရှောင်တွေအပါအဝင် တောတောင်တွေထဲက ဒေသ ခံပြည်သူတွေဟာ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစား သောက်ကုန်တွေ ပြတ်လပ်မှုနဲ့ရင်ဆိုင်နေရတယ် သိရပါတယ်။ 

“NGO တွေဆီက မိုခါအတွက် ပြည်သူတွေကို ဘာမှ မရသေးဘူး၊ကျွန်တော်တို့က တောင်းဆိုတာပဲ နိုင်ငံတကာပဲ ဖြစ်ဖြစ်၊ ပြည်တွင်းပြည်ပ NGO တွေ ဖြစ်ဖြစ် ပေးတယ်ဆိုရင်တော့ အနှေး နဲ့ အမြန် ပြည်သူတွေကို ပေးနိုင်ပါတယ်၊ ဒီလိုတော်လှန်ရေးကာလမှာ ဒီလိုပဲ ပြည်သူတွေကို ကျွေးမွေးနေရတာ၊ လှူ ဒါန်းမယ်ဆိုရင် ပြည်သူတွေဆီ ရောက်အောင် ပို့ပေးမယ်လို့ အာမခံချက် ပေးပြီးသားပါ” လို့စစ်ရှောင်တွေနဲ့ မုန်တိုင်းသင့်သူတွေကို ကူညီပေးနေသူတဦးကပြောပါတယ်။

ပလက်ဝမြို့နယ်မှာ မေလ ၃၀ရက်အထိ ဆကာက်ယူထားတဲ့ စာရင်းတွေအရ မိုခါမုန်တိုင်းကြောင့် နေအိမ် ငါးရာနီးပါး၊ဘုရားကျောင်းပေါင်း ရှစ် ကျောင်း၊ ပညာရေးအဆောက်အဦ(၁၄)ခု၊ စပါးကျီ ငါး ခု၊ ရေပိုက်လိုင်း (၇) ခု၊ မီးတိုင် (၄)တိုင် တို့ ပျက် စီးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပလက်ဝမြို့နယ်ရဲ့ ဆက်သွယ်ရေး ပြတ်တောက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် မုန်တိုင်းသင့်ပြီး ထိခိုက်ပျက်စီးမှုတွေကို ဒီကနေ့အထိ စာရင်းဆက်ကောက်နေရဆဲ ဖြစ်တယ်လို့သိရပါတယ်။

Photo CJ