ရန်ကုန်လှည်းတန်းမှာ စစ်ကောင်စီတပ်သားတွေ လူငယ်တဦးကိုဘန်ကာထဲခေါ်ပြီး စစ်ဆေးငွေညှစ်

ဇွန် ၊ ၃

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းစင်တာအနီးမှာ ပြီးခဲ့တဲ့ ဇွန်၁ရက်နေ့ ညပိုင်းက လူငယ်တဦးကိုစစ်ကောင်စီက သူတို့လုံခြုံ‌ရေးဘန်ကာထဲခေါ်ယူစစ်ဆေးပြီး ငွေညှစ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံရတဲ့လူငယ်ရဲ့ပြောပြချက်အရသိရပါတယ်။

 အဆိုပါလူငယ်ဟာ ကြည့်မြင်တိုင် ညစျေးကနေအပြန် ပြည်လမ်းနဲ့ အင်းစိန်လမ်းထောင့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတဲ့ နှစ်ထပ်ဘန်ကာနားအရောက်မှာ ခေါ်ယူစစ်ဆေးခံခဲ့ရတာလို့ သိရပါတယ်။

 စစချင်းတော့ အထဲမခေါ်သွားသေးဘူး၊ ရဲတယောက်နဲ့ စစ်သားတယောက်ပေါင်းပြီး အပြင်မှာပဲ အရင်စစ်တာ။ ဖုန်းတွေ အိတ်တွေ အကုန်စစ်တယ်၊ ဖုန်းထဲမှာဆို ဖေ့စ်ဘုတ်၊ မက်ဆင်ဂျာတွေ ကြည့်တယ်၊ ပုံတွေလိုက်ကြည့်တယ်၊ call logs(ဖုန်းခေါ်ဆိုမှုမှတ်တမ်း)တွေ စစ်တယ်။ သူတို့ ဖမ်းလို့ရတဲ့ဟာ တခုမှလည်း မတွေ့ဘူး။ စစ်နေတဲ့အချိန် သူတို့က တာဝန်အရ စစ်ဆေးတာပါတဲ့၊ ပြီးရင် ဘာအလုပ်လုပ်လဲ၊ နိုင်ငံရေးနဲ့ ပတ်သက်မှုရှိလားမေးတယ်လို့ အသက် ၂၀ အရွယ်ရှိတဲ့ ကာယကံရှင်လူငယ်က DNA ကို ပြောပါတယ်။

 အဲဒီနောက်မှာတော့ နှစ်ထပ်ဘန်ကာရဲ့ အောက်ထပ်ကို ခေါ်သွားပြီး ငွေကြေးတောင်းခံခဲ့တယ်လို့ လည်း ဆက်ပြောပြပါတယ်။

 အောက်ထပ်က သူတို့အိပ်တဲ့နေရာ၊ အဲရောက်တော့ နည်းနည်းထပ်စစ်ပြီး ဖုန်းထားခဲ့မှာလားတဲ့၊ ကျွန်တော့်မှာ ဘာတွေ့လို့လဲမေးတော့ စစ်ကြောရေးပို့ရမလားတဲ့။ မသွားချင်ရင် လက်ဖက်ရည်ဖိုးပေးခဲ့တဲ့၊ ဘယ်လောက်ပေးရမလဲပြောတော့ နှစ်သောင်းတဲ့၊ အဲလောက်မပါဘူးလို့ တောင်းပန်ပြီး တသောင်းပေးခဲ့ရတယ်လို့ အဲဒီလူငယ်အမျိုးသားက ပြောပါတယ်။

 မိနစ်နှစ်ဆယ်ခန့် စစ်ဆေးခံရပြီးနောက်မှာတော့ ပိုက်ဆံတသောင်းယူခဲ့ပြီး သူ့ကိုပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ သူတို့ဘာလုပ်မယ်မှန်းမသိတော့ ကြောက်ကြောက်နဲ့ ပေးခဲ့ရတယ်။ ဘာအပြစ်မှမရှိဘဲ အခုလို လုပ်ခံရတာကတော့ တော်တော်ခံပြင်းဖို့ကောင်းတယ်လို့ သူကပြောပါတယ်။

 လှည်းတန်းဂုံးကျော်တံတားအောက် လှည်းတန်းတြိဂံပန်းခြံထိပ်မှာရှိတဲ့ အဲဒီနှစ်ထပ် အင်္ဂတေဘန်ကာဟာ စစ်အာဏာသိမ်းပြီး တနှစ်လောက်အကြာမှ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ရဲနဲ့ စစ်သား ၁၀ ဦးခန့် ပုံမှန်ရှိပါတယ်။

 ရန်ကုန်မြို့အတွင်း စစ်အာဏာသိမ်းပြီးခါစက သဲအိတ်ဘန်ကာတွေသာ ဆောက်လုပ်ထားခဲ့ပေမယ့် မြို့ပြပြောက်ကျားတိုက်ခိုက်မှုတွေ ရှိလာပြီးနောက်မှာတော့ မြို့အတွင်းက အချက်အချာကြတဲ့နေရာတွေ၊ လမ်းဆုံလမ်းခွတွေမှာ နှစ်ထပ်အင်္ဂတေ ဘန်ကာတွေ ဆောက်လုပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အချိန်ပြည့်လုံခြုံရေးယူထားခဲ့ပါတယ်။

 ရန်ကုန်မြို့မှာ ပစ်ခတ်ပေါက်ကွဲမှုဖြစ်ပေါ်တဲ့အခါပဲဖြစ်ဖြစ် အခါကြီးရက်ကြီးနဲ့ အထိမ်းအမှတ်နေ့တွေမှာဆိုရင် စစ်ကောင်စီတပ်သားတွေဟာ မြို့တွင်းလှည့်လှည်စစ်ဆေးတပ်သလို ရှောင်တခင်စစ်ဆေးမှုတွေလည်းရှိနေပြီး လူငယ်တချို့ကိုတော့ ပစ်မှတ်ထားစစ်ဆေးလေ့ရှိပါတယ်။

 ဒါ့အပြင်သာမာန်နေ့တွေမှာဆိုရင်လည်း မထင်ရင်ထင်သလို လူငယ်တချို့ကို ဖုန်းယူစစ်တာ၊ငွေကြေးတောင်းခံတာတွေကိုလည်း  စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်သားတွေလုပ်လေ့ရှိတယ်လို့ ကိုယ်တိုင်ကြုံရသူတွေကပြောဆိုထားကြပါတယ်။

ပုံစာ _ ဇွန်လ ၂ ရက် တွေ့ရတဲ့ လှည်းတန်းက စစ်ကောင်စီရဲ့ နှစ်ထပ်ဘန်ကာ