အရှေ့တောင်အာရှ မူးယစ်မှောင်ခိုဂိုဏ်းတွေ အာရှတိုက်ထိ ခြေဆံ့လာပြီလို့ ကုလသမဂ္ဂ သတိပေး

ဇွန် ၊ ၃

အရှေ့တောင်အာရှ ဒေသတွင်းမှာ အသုံးများတဲ့ မက်သာမက်ဖက်တမင်း မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေဟာ အာရှတိုက်ဖက်ကို ခြေဆန့်လာနေပြီလို့ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။

 ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မူးယစ် မှောင်ခိုဂိုဏ်းတွေဟာ အရှေ့တောင်အာရှကနေ ဖောက်ထွက်ပြီး ပိုမို စျေးကောင်းရနိုင်တဲ့ ဝယ်လက်တွေဆီ လမ်းကြောင်းရှာ ရောက်ရှိလာနေပြီလို့ ဖော်ပြထားခဲ့ပါတယ်။

 ထိုင်းနဲ့ တရုတ်တို့မှာ ကုန်းကြောင်းကနေ ကင်းလှည့် စစ်ဆေးမှုတွေကို တင်းကျပ်ထားတဲ့နောက် မူးယစ်မှောင်ခို ဂိုဏ်းတွေက မူးယစ်ဆေးဝါးတွေကို ရေလမ်းကနေ တင်ပို့ဖို့ ပိုပြီး အားထုတ်လာတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ ဒီလို နည်းဗျူဟာ ပြောင်းလဲသွားခြင်းက ရာဇဝတ်ဂိုဏ်းတွေကို ခြေရာခံဖို့လည်း ပိုခက်ခဲလာစေပါတယ်။

 မူးယစ် မှောင်ခိုဂိုဏ်းတွေဟာ ပိုမိုပါးနပ်လာသလို အာဏာပိုင်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း ပိုနားလည်လာပြီး ဖမ်းဆီးရတာ ပိုခက်လာတယ်လို့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်ရုံးက ထုတ်ပြန်ပါတယ်။

 အိုက်စ်လို့ အလွယ်ခေါ်ဝေါ်ကြတဲ့ မက်သာမက်ဖက်တမင်း မူးယစ်ဆေးတွေဟာ အခုဆိုရင် ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနဲ့ နယူးဇီလန် စျေးကွက်တွေထဲထိ ပျံ့နှံ့ ရောက်ရှိနေပြီလို့ သိရပါတယ်။

 အဲဒီ မူးယစ်ဆေးတွေကို မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေက တရားဥပဒေ စိုးမိုးမှု ကင်းမဲ့တဲ့ နယ်မြေတွေမှာ တည်ဆောက်ထားတဲ့ အကြီးစား ဓာတ်ခွဲခန်းတွေကနေ အလုံးအရင်း ထုတ်လုပ်နေပြီး အဲဒီ လုပ်ငန်းတွေ အရှိန်လျော့သွားမယ့် လက္ခဏာလည်း မတွေ့ရဘူးလို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

 မြန်မာနိုင်ငံ အရှေ့ပိုင်းက ရှမ်းပြည်နယ်ဟာ ကမ္ဘာပေါ်မှာ အိုက်စ် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုရဲ့ အကြီးဆုံး ဗဟိုချက် နယ်မြေ ဖြစ်လာပြီလို့ ယုံကြည်ရကြောင်းလည်း ကုလသမဂ္ဂက ဆိုပါတယ်။

 မက်သာမက်ဖက်တမင်း မူးယစ်ဆေးတွေကို ပုံစံနှစ်မျိုးနဲ့ အဓိက ထုတ်လုပ်လေ့ရှိပြီး ပထမ တစ်မျိုးက ယာဘလို့ ခေါ်ဝေါ်တဲ့ ဆေးပြားတွေ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ အာနိသင် ပိုပြင်းထန်ပြီး အိုက်စ်လို့ ခေါ်တဲ့ အခဲပုံစံပါ။

 တရုတ်နဲ့ ထိုင်း အာဏာပိုင်တွေဟာ ရွှေတြိဂံ ဒေသမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို ပိုမို အရှိန်မြှင့်လာခဲ့ပေမယ့် မနှစ်တုန်းက မူးယစ်ဆေးဝါးတွေ ဖမ်းဆီးနိုင်တဲ့ မှုခင်းအရေအတွက်က သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ စျေးကွက်ထဲမှာ မူးယစ်ဆေးတွေ ဖြန့်ဝေရောင်းချမှုက လျော့မသွားတဲ့အပြင် တိုးလာနေတယ်လို့ ယုံကြည်ရပါတယ်။

 ကုလသမဂ္ဂရဲ့ အဆိုအရ အခုအခါ ကမ္ဘောဒီးယား နိုင်ငံဟာလည်း အိုက်စ် မူးယစ်ဆေးတွေ တင်ပို့မှုမှာ အဓိကကျတဲ့ ဆုံချက်တခုအဖြစ် တဖြည်းဖြည်း ကူးပြောင်းလာနေကြောင်း သိရပါတယ်။