တော်လှန်ရေးမှာ အစွမ်းထက်လက်နက်တခု ဖြစ်လာနိုင်တဲ့ ထောက်လှမ်းရေး အဖွဲ့များ

ဇွန်၊ ၃

သမိုင်းကြောင်းတလျှောက် သူလျှိုတွေ၊ သတင်းပေးတွေ ခြေရှုပ်ခဲ့တဲ့ နိုင်ငံမှာ တော်လှန်ရေး အင်အားစုတွေ ကိုယ်တိုင်ကလည်း ထောက်လှမ်းရေး ဌာနတွေ စုဖွဲ့လာခဲ့ပြီ ဖြစ်ပါတယ်။

ဗြိတိသျှ စစ်တပ်ရဲ့ လမ်းညွှန် အကြံပြုချက်တွေထဲမှာ စစ်ပွဲငယ်တွေနဲ့ ပတ်သက်လို့ ချားလ်ကောဝဲလ်က ၁၈၉၆ ခုနှစ် ကတည်းက ရေးသားခဲ့တဲ့ အတွေးအမြင် တခုကို ဖော်ပြထားပါတယ်။ အဲဒါကတော့ ‘ပြောက်ကျားစစ်နဲ့ ရင်ဆိုင် တိုက်ခိုက်ရတဲ့ အခါမှာ စနစ်တကျ စုဖွဲ့ထားတဲ့ ထောက်လှမ်းရေး ဌာန တခုထက် ပိုပြီး အရေးတကြီး လိုအပ်တဲ့ စစ်ရေးဌာနမျိုး မရှိနိုင်ဘူး’ ဆိုတာပါပဲ။ နောက်ပိုင်းမှာတော့ ဒီသဘောတရားမျိုးကို စာအုပ်ပေါင်း များစွာမှာ ကိုးကား ဖော်ပြလာတယ်။ ကမ္ဘာတလွှားက စစ်သင်တန်းတွေမှာလည်း သင်ကြား ပို့ချနေပါတယ်။ 

အဲဒီ ပို့ချမှုတွေကို မြန်မာနိုင်ငံမှာ ကြီးစိုးနေတဲ့ စစ်အာဏာရှင်တွေကလည်း ကောင်းကောင်း သင်ယူ မှတ်သားထားခဲ့ပုံပါပဲ။ မြန်မာနိုင်ငံ ၁၉၄၈ ခုနှစ်မှာ ဗြိတိန် လက်အောက်ကနေ လွတ်လပ်ရေး ရလာချိန် ကတည်းက မြန်မာစစ်တပ်ဟာ နိုင်ငံအနှံ့မှာ တော်လှန် ပုန်ကန်မှုတွေကို ကြုံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့နောက် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PDF)တို့ အပါအဝင် တော်လှန်ရေး အင်အားစုတွေနဲ့ သွေးချောင်းစီး ပြည်တွင်းစစ်ကို ဆင်နွှဲနေရတဲ့ စစ်အာဏာရှင်တွေ အတွက်တော့ သင်ခန်းစာဟောင်းကို ပြန်သင်ယူရမယ့် အခြေအနေတွေ ကြုံလာနေပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ ဩဇာကြီးမားပြီး အားကောင်းတဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတွေရဲ့ နောက်ကွယ်က ထိန်းချုပ်မှုအောက်မှာ အမြဲလိုလို ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဗြိတိသျှ ကိုလိုနီ အစိုးရ လက်ထက်ကတည်းက ရဲတပ်ဖွဲ့ထဲကနေ သေချာ စိစစ် ရွေးချယ် ဖွဲ့စည်းထားတဲ့ ထောက်လှမ်းရေး အဖွဲ့တွေအပေါ် အကြီးအကျယ် မှီခိုခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ နေဝင်းက အာဏာသိမ်းလိုက်တဲ့နောက် စစ်ထောက်လှမ်းရေး ဌာနဟာ မြန်မာပြည်သူတွေအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာပါတော့တယ်။ ၁၉၈၃ ကနေ ၂၀၀၄ ခုနှစ်ထိ အတောအတွင်း ကာလတွေမှာ စစ်ထောက်လှမ်းရေး ဌာနတွေဟာ မြန်မာ့ နိုင်ငံရေး ကဏ္ဍတွေမှာ ကြီးကြီးမားမား သက်ရောက် လွှမ်းမိုးမှုတွေ ရှိခဲ့ပါတယ်။

အဲဒီတုန်းက စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးဟာ သူလျှိုတွေ၊ သတင်းပေးတွေကနေတဆင့် ပြည်သူလူထုထဲကို နက်နက်ရှိုင်းရှိုင်း ပျံ့နှံ့ စိမ့်ဝင်နိုင်ခဲ့ပါတယ်။ အာဏာ မသိမ်းခင် ကတည်းက စစ်တပ်ဟာ ထောက်လှမ်းရေး နည်းပညာတွေအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားခဲ့ပြီး အင်တာနက် ချိတ်ဆက်မှုတွေ၊ ဖုန်းခေါ်ဆိုမှုတွေကို ကြားဖြတ် ဖမ်းယူ နားထောင်တာမျိုး၊ လူမှုကွန်ရက် သုံးစွဲသူတွေကို ခြေရာခံ ရှာဖွေတာမျိုး၊ မိုဘိုင်းဖုန်း တည်နေရာကို ထောက်လှမ်းတာမျိုးတွေ လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားခဲ့ပါတယ်။ မြို့ကြီးတွေမှာ လုံခြုံရေး ကင်မရာ CCTVတွေ အလုံးအရင်း တပ်ဆင်ပြီး မျက်နှာနဲ့ ကားလိုင်စင် နံပါတ်တွေကို ထောက်လှမ်းမှတ်သားနိုင်တဲ့ နည်းပညာမျိုးတွေကိုပါ ထည့်သွင်းထားပါတယ်။  နောက်ပြီး ဒရုန်းတွေကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယို အချက်အလက်တွေကိုပါ ရယူနေခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အထူးဌာနခွဲ တခုဖြစ်တဲ့ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှာလည်း ခေတ်မီ ထောက်လှမ်းရေး နည်းပညာတွေ ဖြည့်တင်းထားပြီး ပြည်သူလူထုနဲ့ အတိုက်အခံ အင်အားစုတွေရဲ့ လှုပ်ရှားသွားလာမှုတွေကို ခြေရာခံဖို့ အဓိက အသုံးပြုနေပါတယ်။ အဲဒီ ဌာနကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ နောက်ထပ် ဌာနတခုဖြစ်တဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနက ပံ့ပိုးပေးနေတယ်။

တကယ်တော့ အမီတက်ဗ် ဂေါ့ရှ်က ၂၀၀၀ ပြည့်နှစ်ထုတ် သူ့ရဲ့ The Glass Palace ဝတ္ထုရှည်ထဲမှာ ရေးသားခဲ့တဲ့ ကောက်နုတ်ချက်လိုပါပဲ။ မြန်မာနိုင်ငံမှာ သူလျှိုတွေ အမြဲတမ်း ပြည့်နေပါတယ်။ နေရာတိုင်းလိုလိုမှာပါပဲ။

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ဗြိတိသျှ မဟာဗျူဟာရေးရာ ပညာရှင် ဂျူလီယန် ပါဂက်ရဲ့ ‘ပြောက်ကျားစစ်ကို တန်ပြန်ရာမှာ ကောင်းမွန်တဲ့ ထောက်လှမ်းရေး စနစ်တွေဟာ အငြင်းပွားစရာ မလိုတဲ့ အထိရောက်ဆုံး အောင်နိုင်ရေး ညွှန်ကိန်းတွေပဲ’ဆိုတဲ့ အယူအဆကိုလည်း ထွေးပွေ့ခဲ့ဟန် ရှိပါတယ်။ မြို့တွေမှာရော၊ ကျေးရွာတွေအထိပါ စစ်တပ်ဟာ PDFတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု (EAO)တွေနဲ့ တခြား တော်လှန်ရေး အဖွဲ့တွေကို စစ်ဆင်ရေးတွေ ဆင်နွှဲဖို့အတွက် အချိန်ကိုက် ထောက်လှမ်းရေး လှုပ်ရှားမှုတွေကို အလေးအနက် မှီခိုခဲ့ပါတယ်။

ဒီလိုနဲ့ ထောက်လှမ်းရေး အခင်းအကျင်းတွေဟာ အညှာအတာ မရှိတဲ့၊ ခြွင်းချက်မထားတဲ့ ကြမ်းတမ်းရက်စက်တဲ့ အခြေအနေတွေဆီ ဦးတည်လာပါတယ်။

စစ်အာဏာရှင်တွေက သံသယရှိသူတွေဆီကနေ တော်လှန်ရေး လှုပ်ရှားမှုတွေအကြောင်း စစ်ဆေးမေးမြန်းတဲ့အခါ တရားမစီရင်ဘဲ ချုပ်နှောင် ဖမ်းဆီးထားတာ၊ နှိပ်စက်တာ၊ တရားလက်မဲ့ သတ်ဖြတ်တာတွေထိ လုပ်လာတယ်။ ဒီနေရာမှာ အရင် အိုင်ယာလန် လွတ်မြောက်ရေးတပ်ရဲ့ ခေါင်းဆောင် မိုက်ကယ်ကောလင်းစ်ရဲ့ အမြင်ရှုထောင့်ကို ကိုးကားထားပုံ ရပါတယ်။ သူက ‘စစ်ဖြစ်နေတဲ့ ကာလမျိုးမှာ သူလျှိုနဲ့ သတင်းပေးတွေကို ထောက်လှမ်းတာ၊ သုတ်သင် ရှင်းလင်းတာတွေမှာ ရာဇဝတ်မှု မြောက်တယ်ဆိုတာ မရှိဘူး’လို့ အပြတ် ပြောခဲ့ပါတယ်။ ဒလန်လို့ ခေါ်ဝေါ်ကြတဲ့ စစ်တပ် သတင်းပေးတွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ မြန်မာနိုင်ငံမှာ ရှင်းလင်း လုပ်ကြံခံရမှုတွေကလည်း မကြာခဏ ဖြစ်ပေါ်လာနေပါတယ်။

မြန်မာ့ တော်လှန်ရေး အင်အားစုတွေဖက်ကလည်း ဖီဒယ်လ် ကက်စ်ထရိုကို လေ့ကျင့်ပေးခဲ့ဖူးသူ စပိန်စစ်သား အယ်လ်ဘာတို ဘာယိုရဲ့ သဘောထားတွေကို လက်ခံခဲ့ပုံ ပေါ်တယ်။ ဘာယိုက ၁၉၆၃ ခုနှစ်မှာ ရေးသားခဲ့ဖူးတဲ့ စာစုအရ ‘ပြောက်ကျား တပ်ဖွဲ့ဝင် အားလုံးဟာ ထောက်လှမ်းရေးနဲ့ တန်ပြန် ထောက်လှမ်းရေးဆိုင်ရာ သဘောထားတွေနဲ့ ကျွမ်းကျင်မှုတွေကို ကြိုတင် လေ့ကျင့် သင်ယူထားသင့်ပါတယ်။ တကယ်တော့ စစ်ပွဲတွေကို ပြောင်းခလုတ်ကို ညှစ်လိုက်တာထက် ပါးနပ်လိမ္မာမှု၊ ကွက်ကျော်မြင်မှုတွေနဲ့ ပိုပြီး အနိုင်ယူနိုင်ပါတယ်’လို့ ဖော်ပြထားခဲ့ပါတယ်။ 

ခါးသီးတဲ့ သမိုင်းကြောင်း ဖြတ်သန်းမှုတွေကို အခြေခံပြီး EAOတွေကလည်း သူတို့ဟာ စစ်အာဏာရှင်တွေရဲ့ ထောက်လှမ်းရေးဆိုင်ရာ အားထုတ်မှုတွေ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ စစ်တပ်ရဲ့ သာလွန်တဲ့ လက်နက် အင်အားကို တိုက်ရိုက် ရင်ဆိုင်တာမျိုးကနေ ရှောင်ကြဉ်နိုင်ဖို့အတွက် အစီအမံတွေ လိုအပ်မှန်း ကောင်းကောင်း သဘောပေါက်ကြပါတယ်။ အခုတော့ EAOတွေက သူတို့ စုဆောင်းရရှိထားတဲ့ အတွေ့အကြုံကောင်းတွေကို PDFတွေ၊ ဒေသခံ ခုခံရေး တပ်ဖွဲ့တွေနဲ့ မြို့ပြ ပြောက်ကျားတွေဆီ လက်ဆင့်ကမ်း ဝေမျှပေးနေပါတယ်။

PDFတွေဟာ ဘက်ပြောင်း ခိုလှုံလာတဲ့ စစ်သားတွေဆီက ထောက်လှမ်းရေး သတင်းတွေ နှိုက်ယူတာ၊ တိုက်ပွဲ မဖော်ဆောင်ခင် ကြိုတင် ကင်းထောက်တာမျိုး အလေ့အထကောင်းတွေကိုပါ သင်ယူ တတ်ကျွမ်းလာပါတယ်။ နောက်ပြီး ဒရုန်းတွေကို အဆင့်မြှင့်တင် မွမ်းမံပြီး ပစ်မှတ်တွေကို ကြိုတင် ထောက်လှမ်းတာ၊ ပတ်ဝန်းကျင် အခြေအနေကို ဆန်းစစ်တာတွေ ပိုမို လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ နောက်ပြီး အာဏာသိမ်း စစ်တပ်ရဲ့ ရေဒီယို ဆက်သွယ်မှုတွေကို ကြားဖြတ် နားထောင်ကြပါတယ်။ အခုဆိုရင် ​PDFတွေနဲ့ တခြားတော်လှန်ရေး အင်အားစုတွေ အတော်များများမှာ ထောက်လှမ်းရေး စွမ်းရင်ဟာ ဗျူဟာ အခင်းအကျင်း ရှုထောင့်မှာရော၊ စစ်ဆင်ရေး ရှုထောင့်မှာပါ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်လာနေပါတယ်။

မဟာဗျူဟာ အပိုင်းမှာတော့ NUGနဲ့ PDFတွေက ပိုပြီး ကျယ်ပြန့် စုံလင်တဲ့ ထောက်လှမ်းရေး ကွန်ရက်မျုးကို တည်ဆောက်နေပါတယ်။

NUGရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနမှာဆိုရင် ကာကွယ်ရေး ထောက်လှမ်းရေး အေဂျင်စီ (DIA)တခု ဖွဲ့စည်းထားပါတယ်။ အဲဒီ အေဂျင်စီက ကာကွယ်ရေး ဝန်ကြီးဌာနအတွက် အစီရင်ခံစာတွေ၊ မှတ်တမ်းမှတ်ရာတွေ အများအပြားကို စီစဉ်ပေးသလို NUGရဲ့ တခြား အစိတ်အပိုင်းတွေအတွက် ရင်းမြစ်ပေါင်းစုံက ဆန်းစစ်မှုတွေ၊ PDFတွေအတွက် စစ်ရေးမစ်ရှင်ဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးပါတယ်။ နောက်ပြီး ကိုယ်ပိုင် ထောက်လှမ်းရေး တာဝန်တွေဖြစ်တဲ့ ကွင်းဆင်း ထောက်လှမ်းတာ၊ နယ်မြေ အခြေအနေ ဆန်းစစ်တာ၊ သံသယရှိသူတွေကို စစ်ဆေးတာမျိုးတွေကိုပါ တာဝန်ယူထားပါတယ်။

DIAဟာ NUGရဲ့ ဗဟိုကွပ်ကဲရေးနှင့်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C)အတွက် ထောက်လှမ်းရေး ကိစ္စတွေကိုလည်း ကူညီ ပံ့ပိုးပေးရပါတယ်။ C3Cဟာ PDFတွေ၊ မဟာမိတ် EAOတွေနဲ့ တခြား တော်လှန်ရေး အင်အားစုတွေကြား စစ်ရေး အခင်းအကျင်းနဲ့ မဟာဗျူဟာတွေကို ပေါင်းစပ် ညှိနှိုင်းပေးရပါတယ်။ DIAက မိတ်ဖက် EAOတွေရဲ့ ထောက်လှမ်းရေး အဖွဲ့တွေနဲ့လည်း ပေါင်းကူး ဆက်ဆံရပါတယ်။

PDFရဲ့ အဆင့်မြင့် ကွပ်ကဲမှုထဲက ညွှန်ကြားရေးမှူးချုပ် လက်အောက်မှာလည်း စစ်ဘက်ရေးရာ ထောက်လှမ်းရေး ဌာနတခု ရှိပါတယ်။ အဲဒီ ဌာနမှာ စစ်ရေး ထောက်လှမ်းမှု ဌာနခွဲနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ဌာနခွဲဆိုပြီး သီးခြားစီ ထပ်ဖွဲ့ထားပါတယ်။ ဌာနက တန်ပြန် ထောက်လှမ်းရေးနဲ့ နည်းဗျူဟာပိုင်း ထောက်လှမ်းရေး လုပ်ငန်းစဉ်တွေကို PDFရဲ့ ဒေသကြီး ၅ ခုမှာ တပ်ရင်းတပ်ခွဲ အဆင့်ထိ ချိတ်ဆက် တာဝန်ယူပါတယ်။

NUGရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန လက်အောက်မှာ အထူးစုံစမ်းရေး ဌာနတခုကို ဖွင့်လှစ်ထားပါတယ်။ အဲဒီ ဌာနနဲ့ ပတ်သက်လို့ သိရှိထားရတဲ့ အချက်အလက်တွေက အတော်နည်းပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ လက်ထက်မှာ ပေါ်ပေါက်ခဲ့တဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အတော်လေး ဆင်တူမယ်လို့တော့ ယူဆရပါတယ်။ NUGဟာ PDFထဲမှာလည်း သီးခြား ထောက်လှမ်းရေး ဌာနခွဲသစ်တခု တည်ထောင်ဖို့ စီစဉ်နေဟန် ရှိပါတယ်။ 

​NUGရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနထဲမှာလည်း ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှု ဌာန တခုကို အသစ် ဖွဲ့စည်းထားပြန်ပါတယ်။ အဲဒီဌာနရဲ့ အခန်းကဏ္ဍကတော့ တခြား ဝန်ကြီးဌာနတွေအပြင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ပါ ထောက်လှမ်းရေး အချက်အလက်တွေ ညှိနှိုင်းဖလှယ်ဖို့ ဖြစ်ပါတယ်။ အဲဒီ ဌာနဟာ NUGရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရယ်၊ လက်အောက်ခံ လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီရယ်နဲ့ ချိတ်ဆက် အလုပ်လုပ်ပါတယ်။

မြန်မာနိုင်ငံဟာ စစ်ပွဲတွေကြား နစ်မွန်းနေခဲ့တာ အချိန်ကာလ အကြာကြီး ရှိနှင့်ခဲ့ပြီးပါပြီ။ စစ်အာဏာရှင်တွေက မြန်မာ့ တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် စွပ်စွဲ ရှုတ်ချပြီး အမြစ်ဖြတ် ချေမှုန်းသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ တဖက်မှာလည်း NUGက စစ်အာဏာရှင်ကို ဖြုတ်ချဖို့ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲသွားမယ်လို့ ​ကြွေးကြော်ထားပါတယ်။ နှစ်ဖက်စလုံးက စစ်ရေးအရ ပြတ်သားတဲ့ အောင်ပွဲကို မျှော်လင့်နေကြတာပါ။ ဒါပေမဲ့ မကြာသေးခင်က အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာ တစောင်မှာတော့ ဘယ်ဖက်ကမှ ပွဲသိမ်း ထိုးနှက်ချက်မျိုး လုပ်ဆောင်နိုင်မယ့် အလားအလာ မမြင်ကြောင်း ဖော်ပြထားပါတယ်။

အခြေအနေတွေ သိသိသာသာ ပြောင်းလဲသွားစေမယ့် အကြောင်းတရား တခုခု ဖြစ်မလာသ၍ မဟာဗျူဟာအရ နှစ်ဖက် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ အခြေအနေက ရှေ့ဆက်နေဦးမယ့် ပုံပါပဲ။ အဲဒီအခါကျရင် မြန်မာ့ ပြည်တွင်းစစ်မှာ အနိုင်ရစေဖို့ အဓိက အားကိုးရမယ့် လက်နက်ဟာ ဗုံးတွေ၊ ကျည်ဆန်တွေ မဟုတ်တော့ဘဲ ပါးနပ်မှုနဲ့ မာယာများမှုတွေလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင် ထောက်လှမ်းရေး စစ်ပွဲမှာ အသာစီးရနေတဲ့ဖက်မှာ ကြီးမားတဲ့ အားသာချက်မျိုး ပိုင်ဆိုင်လာမယ့် အဓိပ္ပါယ်ပါပဲ။

 

(The Interpreter၏ Myanmar’s intelligence war: the battle of wits and wiles against the junta ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)