ဂန့်ဂေါမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားနှစ်ဦးသေ၊ တဦးဒဏ်ရာရ

ဇွန်၊ ၂
 
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း တောင်ခင်ရန်းကျေးရွာ မှာ စစ်ကောင်စီဘက်က ဒီကနေ့မနက်မှာ လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားနှစ်ဦး သေဆုံးပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” မနေ့က ညနေက စဖြစ်နေကြတာ။ ရွာ ရဲစခန်းထဲက လက်နက်ကြီးနဲ့ ထုတယ်။ ပျူစောထီးရွာ မြောက်ခင်ရန်း ကနေလည်း ထုတယ်။ ခုလက်နက်ကြီးမှန်လို့ သေသွားတာက ဖိုးသားကြီး တဲ့။ လယ်ကွင်းထဲမှာ မှန်တာ။ နောက်တယောက်က ဦးမိုး၊ သူလည်း လက်နက်ကြီးမှန်တာ။ ဦးမိုးက အသက်လေးဆယ်လောက်ရှိမယ်။ ဖိုးသားကြီးက အသက်ငါးဆယ်ဝန်းကျင် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီနယ်မြေရဲစခန်းရှိတဲ့ တောင်ခင်ရန်းကျေးရွာမှာ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဇွန်လ ၁ ရက် မနေ့ညနေကစပြီး ဒီကနေ့အထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး အရပ်သားနှစ်ဦး သေဆုံး၊ တဦးဒဏ်ရာရတာပါ။
 
တောင်ခင်ရန်းရွာ ရဲစခန်း ထဲက စစ်ကောင်စီအဖွဲ့ဝင်တွေက ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို တောင်ခင်ရန်း နဲ့ လေးမိုင်အကွာ ပျူစောထီးရွာဖြစ်တဲ့ မြောက်ခင်ရန်းရွာ ကနေလည်း ရွာထဲကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ခုထိလည်း ပစ်နေကြတုန်း။ တနေကုန်နားလိုက် ပစ်လိုက်လုပ်နေကြတာ။ တောင်ခင်ရန်းရွာ မြောက်ဘက်က ရွှေဘို၊ ရေပေါ်၊ သင်တော ရွာတွေကဟာတွေလည်း ပြေးကြပြီးပြီ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
တောင်ခင်ရန်းရွာ က ဒေသခံတွေအပါအဝင် ရွှေဘို၊ ရေပေါ်၊ သင်တော ရွာတွေက ပြည်သူငါးထောင်ဝန်းကျင်ဟာ ရွာတွေကနေ တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
 
တောင်ခင်ရန်းရွာ အရှေ့ဘက်အစွန်မှာ ရှိတဲ့ ရဲစခန်းက ပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ ကျေးရွာထဲ ကျရောက်ပေါက်ကွဲနေတာကြောင့် ရွာထဲက နေအိမ်တွေ ပျက်စီးမှု ရှိတယ်လို့လည်း သိရပါတယ်။
 
” အိမ်တွေလည်း ပျက်တယ်။ ရွာကတော့ ဖွတ်ဖွတ်ကြေမှာပါ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ပျက်စီးသွားတဲ့ အိမ်အရေအတွက်နဲ့ နှစ်ဘက်ထိခိုက်မှုကို သိရှိရခြင်း မရှိသေးဘူးလို့လည်း ဒေသခံတွေက ဆက်လက်ပြောကြားပါတယ်။
 
တောင်ခင်ရန်းရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေဟာ စခန်းက ထောက်လှမ်းရေးတဦး ပစ်ခတ်ခံရတဲ့ မေ ၁၁ ရက်နေ့ကတည်းက ကျေးရွာက ပြည်သူတွေကို ဖိနှိပ်တာကြောင့် ကျေးရွာက ပြည်သူတွေဟာ ပြီးခဲ့တဲ့အပတ်ကပဲ ကျေးရွာကို စွန့်ခွာတိမ်းရှောင်ခဲ့ကြရပါတယ်။
 
ဒါ့အပြင် အဲ့ဒီထောက်လှမ်းရေး သေဆုံးတဲ့နောက် စစ်ကောင်စီဘက်က ဒေသခံတချို့ကို ဖမ်းဆီးစစ်ဆေးလို့ သေဆုံးမှုရှိသလို ဒေသခံကာကွယ်ရေးတပ်တွေ နဲ့ စစ်ရေးတင်းမာနေခဲ့တာဖြစ်ပါတယ်။
 
မေ ၂၄ ရက်မှာ မြောက်ခင်ရန်းရွာ ကနေ တောင်ခင်ရန်းရွာ ကို လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီအဖွဲ့ဝင်တွေ သေဆုံးမှုရှိခဲ့ပါတယ်။
 
မေ ၂၅ ရက်ညပိုင်းမှာလည်း ကျောင်းသားတပ်မတော် ABSDF က တောင်ခင်ရန်း ရဲစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီအဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
 
တောင်ခင်ရန်းရွာက ဒေသခံသုံးထောင်ဝန်းကျင်ဟာ ရွာရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ရန်ကြောင့် ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်ကစပြီး ရွာကို စွန့်ခွာပြီး တိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။
 
ဒီကနေ့ ဇွန် ၂ ရက်မှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် တောင်ခင်ရန်းရွာ မြောက်ဘက် ရွှေဘို၊ ရေပေါ်၊ သင်တောကျေးရွာတွေပါ တိမ်းရှောင်နေကြရတာဖြစ်ပြီး တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ 
ဓာတ်ပုံ – Social Media