ခင်ဦးမှာ စစ်ကောင်စီတပ်လက်ချက်နဲ့ အရပ်သားတဦးသေဆုံး၊ ဒေသခံလေးထောင်ကျော် ထွက်ပြေးနေရ

ဇွန်၊ ၂
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်လက်ချက်နဲ့ အရပ်သားတဦး သေဆုံးခဲ့သလို ဒေသခံလေးထောင်ကျော်လည်း ထွက်ပြေးနေရတယ်လို့ ဒေသတွင်းသတင်းတွေ ဖော်ပြနေတဲ့ ခင်ဦးသတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ မနေ့ကတော့ ရွာသစ်ကျေးရွာက အသက်ငါးဆယ်ကျော်အမျိုးသားတဦး ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်ခံရတယ်၊ နေအိမ်ဆယ်လုံး မီးရှို့ခံရတယ်။ ဒီကနေ့တော့ ကြီးအိုင်က ကားတစီး မီးရှို့ခံရတယ် “ လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းက ပြောပါတယ်။
 
ဒါပေမယ့် သေဆုံးသူဟာ ဘယ်သူဖြစ်တယ်ဆိုတာ၊ မိသားစုအခြေအနေနဲ့ ဘာကြောင့်သတ်ဖြတ်ခံရတယ် စတဲ့အချက်တွေကို တိတိကျကျမသိရသေးဘူးလို့လည်း ကိုသာစစ်လင်းက ဆက်ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF ) သုံးဦးဒဏ်ရာရခဲ့ပြီးစစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် ဒေသခံ လေးထောင်ကျော်စစ်ရှောင်နေရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးမှာ ဖော်ပြထားပါတယ်။
 
“ မနေ့က မနက်အစောကြီး ပစ်ခတ်ပြီး ရွာသစ်ရွာကို ဝင်လာပြီး နှစ်ခါပြန်မီးရှို့သွားတယ်။ မူးသာမှာ ညအိပ်တပ်စွဲခဲ့ပြီး ဒီကနေ့ မနက် ငါးခွဲလောက်မှာ ပစ်ခတ်ပြီး ကြီးအိုင်ရွာကို စစ်ကြောင်းထိုး မီးရှို့ခဲ့တယ်၊ လက်နက်ကြီးတွေနဲ့ပစ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရတယ် ” လို့ ကိုသာစစ်လင်းက DNA ကိုပြောပါတယ်။
 
အင်အားတရာကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့က စပြီး ခင်ဦးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့အတွက် မနေ့က ဒေသခံ သုံးထောင်ကျော်နဲ့ ဒီကနေ့ ဒေသခံ လေးထောင်ကျော် စုစုပေါင်း ခုနှစ်ထောင်ကျော် စစ်ရှောင်နေရတာပါ။
 
စစ်ရှောင်နေရတဲ့ ဒေသခံတွေဟာ မြကန်၊ အင်းပတ်၊ မရမ်းအင်း၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မုံတော၊ ဒါန်းကုန်း၊ ကြီးအိုင်နဲ့ အောင်သာ စတဲ့ကျေးရွာတွေက ဒေသခံတွေဖြစ်ကြပါတယ်။
 
အဲဒီကျေးရွာတွေထဲက ရွာသစ်နဲ့ ကြီးအိုင်ရွာနှစ်ရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ခဲ့ပေမယ့် စစ်ကြောင်းမထွက်သေးတဲ့အတွက် ဆုံးရှုံးတဲ့ နေအိမ်အရေအတွက်ကိုတော့ မသိရသေးဘူးလို့လည်း ကိုသာစစ်လင်းက ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မရမ်းအင်းရွာအလယ်က ဓမ္မာရုံနားမှာ အထိုင်ချတပ်စွဲထားပြီး အရပ်သားဒေသခံတွေရဲ့ နေအိမ်တွေမှာ တအိမ်ကို လေးဦးဝန်းကျင် ဝင်ရောက်နေထိုင်ကြပြီး ညအိပ်မယ့်အခြေနေ ရှိနေတယ်လို့လည်း သူကပြောပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ စတင်ပြီး နှစ်နှစ်အတွင်းမှာ ခင်ဦးမြို့နယ်ထဲက ကျေးရွာပေါင်း (၇၄)ရွာက အိမ်ခြေ ငါးထောင်ကျော်ကို မီးရှို့ဖျက်စီးခဲ့တာကြောင့် ဒေသခံသုံးသောင်းဝန်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။ 
ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး