ချောက်မြို့မှာ စျေးဝယ်ထွက်တဲ့ တပ်ကြပ်ကြီးတဦး ပစ်ခတ်ခံရလို့သေဆုံး

ဇွန်၊ ၂
 
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စျေးဝယ်ဖို့ ထွက်လာတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)၂၁ မှ တပ်ကြပ်ကြီး အောင်သူတင့် (ခ) တိုက်ကြက် ကိုဇွန်လ ၂ ရက် ဒီကနေ့မနက် ကိုးနာရီခန့်မှာ ပစ်ခတ်ခဲ့လို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ (CGF) တာဝန်ရှိသူ တဦးကပြောပါတယ်။
 
ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၂၁ အတွက် ရိက္ခာဝယ်ယူပေးရတဲ့ တပ်ကြပ်ကြီး အောင်သူတင့် (ခ) တိုက်ကြက် ကို ချောက်မြို့ကိုလာရာ လမ်းကြောင်းမှာ ပစ်ခတ်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ အပစ်မဲ့ပြည်သူတွေ ကားပေါ်လိုက်ပါလာတာကြောင့် မစ်ရှင်ကို ဖျက်သိမ်းခဲ့ပြီး တယောက်တည်း ထွက်သွားချိန် နောက်ကနေ လိုက်ပြီး ပစ်ခတ်ခဲ့လို့ သိရပါတယ်။
 
“ သူ့ကို ဆိပ်ဖြူမြို့ ကနေ လိုက်လံစုံစမ်းနေတာ ကြာပြီဗျ၊ တကယ်တမ်းက ကပစ ၂၁ ကားကို ရှင်းဖို့လုပ်တာ၊ ဒါပေမယ့် အပြစ်မဲ့ပြည်သူတွေ ကားပေါ် ပါလာတဲ့အတွက်ကြောင့် မစ်ရှင်ကို ဖျက်သိမ်းတဲ့ချိန်မှာ သူက ဆိုင်ကယ်နဲ့ ချောက်မြို့ပေါ် ထွက်သွားတာ သိရလို့ ရှောင်တခင် သူ့နောက်ကလိုက်ပြီး လူရှင်းတဲ့ နေရာအရောက်မှာ ဦးခေါင်းကို နှစ်ချက်ပစ်ခတ်လိုက်တာဗျ “ လို့ ပြောပါတယ်။
 
ချောက်မြို့ အမှတ် ၁၁ ဗဟိုကွက်သစ် စာသင်ကျောင်း အနီးအနားမှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ငွေသား သိန်း ၄၀၊ ဖုန်း တလုံး၊ ထိပ်တန်းအရေးကြီးတဲ့ လျှို့ဝှက်စာရွက်စာတမ်း နဲ့ ဗိုလ်ကြီး ရန်နိုင် ဆိုသူရဲ့ ဘဏ်စာအုပ်၊ ချက်လက်မှတ်စာရွက်စာတမ်းနဲ့ ATM ကတ်တွေပါ သိမ်းဆည်း ရမိခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။
 
သေဆုံးသူ တပ်ကြပ် အောင်သူတင့် (ခ) တိုက်ကြက် ဟာ ဆိပ်ဖြူမြို့မှာ နေထိုင်ပြီး ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)၂၁ လက်နက်စက်ရုံအတွက် စားနပ်ရိက္ခာ ဝယ်တင်ပေးရတဲ့အပြင် နေပြည်တော်ကို လျှို့ဝှက်အရေးကြီးတဲ့ စာရွက်စာတမ်းတွေ တင်ပေးရတဲ့ တာဝန်ကို ယူထားရတဲ့သူလို့လည်း CGF တာဝန်ရှိသူက ပြောပါတယ်။
 
တပ်ကြပ်ကြီး အောင်သူတင့်ကို ပစ်ခတ်ရာမှာ ချောက်မြို့နယ်ပျောက်ကြားတပ်ဖွဲ့ (CGF)၊ ချောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ ) အဖွဲ့နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
 
ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ CGF အနေနဲ့ မိုးတွင်းရိက္ခာနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေ ရှိနေတဲ့အတွက် ပြည်သူများအနေနဲ့ ကူညီပေးဖို့ကိုလည်း အဲဒီတပ်ဖွဲ့တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။ 
ဓာတ်ပုံ – CGF