ကရင်နီ စစ်ရှောင်တွေ ထမင်းတနပ်လျှော့စားရတဲ့အထိ ရိက္ခာပြတ်လပ်မှုကြုံနေ

ဇွန်၊ ၂
 
ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်ပြည်သူ လေးသောင်းနီးပါးဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး တနေ့တာမှာ တနပ်လျှော့စားရတဲ့အထိ ဖြစ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။
 
“ မရှိတဲ့သူတွေက ရှိတဲ့သူတွေနား ချေးငှားပြီး စားသောက်နေရပါတယ်၊ တနပ်လျှော့စားတယ် သို့မဟုတ် ဆန်ပြုတ် နဲ့ အစားထိုးကြတယ်၊ ကလေးတွေ သက်ကြီးရွယ်အို တွေတော့ ဦးစားပေးကြပါတယ်၊ လုံးဝမရှိတဲ့သူတွေက နည်းနည်းရှိတဲ့သူတွေနား ပြန်ပြီး ချေးငှားစားကြတယ်၊ တောထဲက သစ်ဥသစ်ဖုတွေ၊ ဟင်းသီးဟင်းရွက်တွေ လိုက်ခူးပြီး စားနေရတယ် ” လို့ ကရင်နီ စစ်ဘေးရှောင်ကူညီရေး အဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ရေးတင်းမာမှု ကာလရှည်ကြာနေပြီဖြစ်တဲ့ ကရင်နီဒေသတွင်းမှာ စစ်ကောင်စီတပ်က ဆန်နဲ့ စားသောက်ကုန် သယ်ယူခွင့်ကို ကန့်သတ်ထားတာကြောင့် ဒီးမော့ဆိုမြို့ အနောက်ခြမ်းက စစ်ဘေးဒုက္ခသည် ၄၀,၀၀၀ ဝန်းကျင် စားနပ်ရိက္ခာ အခက်ခဲတွေ ပိုမိုများပြားလာတာဖြစ်တယ်လို့ သူကပြောပါတယ်။
 
“ အရင်ကဆိုရင် အလှူရှင်နည်းနည်းပါးပါးလာတယ်၊ အခုဆိုရင် အလှူရှင်အရမ်းကို နည်းပါးလာတော့ တော်တော်လေးကို အခက်အခဲကြုံတွေ့နေရတယ် ” လို့ ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ဖော်ပြထားတဲ့ ရုပ်သံမှတ်တမ်းအတွင်း စစ်ဘေးရှောင်တဦးက ပြောထားပါတယ်။
 
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်မှာ စစ်ဘေးရှောင်စခန်း အရေအတွက် တိတိကျကျ စာရင်းမရှိပေမယ့် စစ်ဘေးရှောင်တွေဟာ စစ်ရှောင်စခန်းနဲ့ တောတောင်တွေထဲမှာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။
 
“ စစ်ရှောင်နေတာ နှစ်နဲ့ချီဖြစ်သွားတဲ့အတွက် ကျွန်မတို့ စားနပ်ရိက္ခာ အရေးကြီးတယ်လို့ ပြောပေမယ့် အခုကျွန်မတို့ရဲ့အခြေအနေက တဖြည်းဖြည်းနဲ့ ဆိုးဝါးလာပြီ၊ လေယာဉ်ကလည်း နေ့တိုင်းဝဲနေတယ်၊ လေယာဉ်လာတာနဲ့ ဗုံးခိုကျင်းထဲ ဝင်နေရတယ် ” လို့ ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ဖော်ပြထားတဲ့ရုပ်သံ မှတ်တမ်းထဲမှာ ကရင်နီစစ်ရှောင်အမျိုးသမီးတဦးက ပြောထားပါတယ်။
 
ကရင်နီဒေသတွင်းမှာ စစ်ကောင်စီက စစ်ရှောင်စခန်းတွေကိုပါမချန် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်စခန်းတွေကို အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့ကြရပါတယ်။
 
စစ်ရှောင်တွေဟာ နေထိုင်ရေး၊ ရိက္ခာနဲ့ ဆေးဝါး လိုအပ်ချက်တွေအပြင် စစ်ရှောင်ကလေးတွေ ပညာသင်ကြားရေးမှာလည်း လိုအပ်ချက်တွေ အများအပြားနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ဘေးရှောင်စခန်းတခုရဲ့ စာသင်ကျောင်းမှာလည်း စာအုပ်၊ ခဲတံနဲ့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
 
အဲဒီစာသင်ကျောင်းမှာ စစ်ရှောင်စခန်း ၁၆ ခုက ကျောင်းသူ/သား ၂၄၆ ဦး တက်ရောက်နေကြပြီး အဲဒီကျောင်းမှာ CDM ဆရာ၊ ဆရာမတွေက သင်ကြားပေးနေတဲ့အတွက် သူတို့မှာလည်း စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
 
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက် အဲဒီစာသင်ကျောင်းမှာ ဗုံးခိုကျင်းတွေ တူးထားရတယ်လို့လည်း သိရပါတယ်။
 
ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့တွေမှာ စစ်ဘေးရှောင်နေရတဲ့ ကရင်နီဒေသခံတွေနဲ့ ရှမ်းတောင်ပိုင်းက စစ်ရှောင်တွေဟာလည်း စားနပ်ရိက္ခာအခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။
 
စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေနဲ့ အလှူရှင်တွေရဲ့ လှူဒါန်းပါဝင်မှု နည်းပါလာတာကြောင့် ဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတွေ ပြောကြပါတယ်။
 
လက်ရှိမှာ ရှမ်းတောင်နဲ့ ကရင်နီဒေသက စစ်ဘေးရှောင်ပြည်သူတွေသာမက ရှမ်းတောင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တချို့လည်း ရိက္ခာပြတ်လပ်မှုတွေ၊ ဆေးဝါးလိုအပ်ချက်တွေ၊ သောက်သုံးရေးခက်ခဲမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
 
တဖက်မှာလည်း စစ်ရှောင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တချို့အတွက် ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်တခုဖြစ်တဲ့ “ဆန်ဆေးရေ” ကမ်ပိန်းဟာလည်း ငါးရက်အတွင်း ရည်မှန်းထားတဲ့ ပမာဏရဲ့ ၁ ရာခိုင်နှုန်းတောင် မရသေးဘူးလို့ ကမ်းပိန်ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် ကယားပြည်နယ်အတွင်းနဲ့ ရှမ်းတောင် မိုးဗြဲ၊ ပင်လောင်း၊ ဖယ်ခုံ စတဲ့မြို့နယ်တွေက ဒေသခံ သုံးသိန်းနီးပါးလောက် စစ်ဘေးရှောင်နေကြရပါတယ်။ 
ဓာတ်ပုံ – ကရင်နီ စစ်ဘေးရှောင်များကူညီစောင့်ရှောက်ရေးကွန်ရက်