ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း ၇၈ နှစ်မြောက် “ဗထူးနေ့” အခမ်းအနား ဇာတိ လောင်းလုံးမြို့နယ်တွင် ကျင်းပ

ဇွန်၊ ၂

ဇွန်၊ ၂
 
ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း ၇၈ နှစ်မြောက် “ဗထူးနေ့” အခမ်းအနားကို သူ့ရဲ့ဇာတိဖြစ်တဲ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လေးသွန်ခံကျေးရွာရှိ ဗိုလ်မှူးကြီးဗထူးပန်းခြံမှာ ဒီကနေ့ ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။
 
အခမ်းအနားအစမှာ သမဂ္ဂခွပ်ဒေါင်းအလံကို အလေးပြုခဲ့ကြပြီး ဗိုလ်မှူးကြီးဗထူးအပါအဝင် လွတ်လပ်ရေး၊ ဒီမိုကရေစီအရေးအတွက် အသက်ပေးခဲ့ရသူတွေကို အလေးပြုတာ၊ လွမ်းသူပန်းခွေချ ဂါရဝပြုတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ တခြားစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအဖွဲ့ ၂ ဖွဲ့က ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားပြီး အာဏာရှင်တော်လှန်ရေးကဗျာတွေ ရွတ်ဆိုတာနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြော်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထားဝယ်ခရိုင် သပိတ်ကော်မတီအပါအဝင် ထားဝယ်လူမျိုးတွေအနေနဲ့ စစ်အာဏာရှင်စနစ်အလွန် ပြည်ထောင်စုနိုင်ငံအသစ်မှာ ဇွန်လ ၂ ရက်နေ့ကို နိုင်ငံတော်အဆင့် နေ့ထူးနေ့မြတ် နေ့တနေ့အဖြစ် တရားဝင်သတ်မှတ်နိုင်ဖို့ ဆက်ပြီးကြိုးစားသွားမယ်လို့လည်း သပိတ်ဦးဆောင်သူတဦးဖြစ်တဲ့ ကိုမင်းလွင်ဦးက ဆိုပါတယ်။
 
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကတော့ ထားဝယ်လူမျိုး သူရဲကောင်းတယောက်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လာမယ့်လူငယ်တွေ သေချာသိရအောင် အခုလို အခမ်းအနားလုပ်တာဖြစ်တယ်လို့ DNA ကို ပြောပါတယ်။
 
” သူက ဘဝတခုလုံးနဲ့ ရင်းပြီးတော့ ဗမာပြည်လွတ်မြောက်ရေးအတွက် အားသွန်ခွန်စိုက် မနားမနေ ကြိုးစားခဲ့တဲ့ သူရဲကောင်းတယောက်ပေါ့၊ စစ်အာဏာရှင်တွေ အုပ်ချုပ်လာတဲ့ ခေတ်အဆက်ဆက်မှာတော့ ဗိုလ်မှူးကြီးဗထူးကို မေ့လျော့ထားခံရအောင် တမင်သက်သက် ကြံရွယ်ပြီးတော့ လုပ်ဆောင်ခဲ့တယ်လို့ ကျနော်တို့ကတော့ ထင်တယ်၊ ဘာလို့လဲဆိုတော့ သူ့ကို ကျနော်တို့ငယ်ငယ်က မူလတန်းကျောင်းစာအုပ်ထဲမှာ နောက်ဆုံးစာရွက်လေးတရွက်အဖြစ်နဲ့ပဲ တွေ့ရတာမျိုးပေါ့၊ သူက ထားဝယ်သားတစ်ယောက်လည်းဖြစ်တော့ ကျနော်တို့ ထားဝယ်လူမျိုးတွေအတွက် ပိုပြီးတော့ ဂုဏ်ယူရတဲ့ သူရဲကောင်းတယောက်ကို လာမယ့်မျိုးဆက်သစ်လူငယ်တွေ သိရှိနေအောင်ပေါ့ဗျာ၊ သူ့ရဲ့ဖြတ်သန်းမှုတွေ၊ လွတ်လပ်ရေးကြိုးပမ်းမှုတွေ၊ အားထုတ်မှုတွေကို သိရှိနေအောင် ရည်ရွယ်ပြီးတော့ အခုလို ကျင်းပတာ” လို့ ဆိုပါတယ်။
 
လောင်းလုံးမြို့နယ်၊ လေးသွန်ခံကျေးရွာ ဇာတိဖြစ်တဲ့ ဗိုလ်မှူးကြီးဗထူးဟာ ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် BIA သို့ တပ်သား ၁၅ ဦးကို အုပ်ချုပ်ရတဲ့ တပ်ကြပ်ကလေးရာထူးနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၄၅ ခုနှစ်၊ မေလ ၁ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ရေးထိုးကာ ဗိုလ်မှူးအဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်ကို ရာထူးတိုးတာဝန်ပေးအပ်ခြင်း ခံခဲ့ရသူတဦးဖြစ်ပါတယ်။
 
၁၉၄၅ ခုနှစ် ဂျပန်တော်လှန်ရေးကို စတင်ခဲ့သူ အထက်မြန်မာပြည် စစ်တိုင်းမှူးတဦးဖြစ်တဲ့ ဗိုလ်မှူးကြီးဗထူးဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းက တာလူးစခန်းမှာ ကျဆုံးခဲ့ပါတယ်။
ဒီကနေ့ အစီအစဥ် ၈ ခုနဲ့ ပြုလုပ်ခဲ့တဲ့ အဲဒီအခမ်းအနားကို စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး လူ ၂၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ကလည်း ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း ၇၇ နှစ်မြောက် အခမ်းအနားကို လေးသွန်ခံကျေးရွာမှာရှိတဲ့ အဲဒီပန်းခြံမှာပဲ ပြုလုပ်ခဲ့ကြပြီး ဗိုလ်မှူးကြီးဗထူးကျဆုံးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကို “ဗထူးနေ့” အဖြစ် မော်ကွန်းထိုးရေးထိုး သတ်မှတ်ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ကြေညာခဲ့ပါတယ်။
 
ဓာတ်ပုံ – ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ
ပုံစာ – ဗထူးနေ့ အခမ်းအနားကျင်းပနေစဥ်။