နယ်ချဲ့ဉာဉ်အပြည့်နဲ့ အတွင်းစည်းက ကစားနေတဲ့ တရုတ်

ဇွန်၊ ၂

တရုတ်အနေနဲ့ သူနဲ့ ချိတ်ဆက်ထားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို ဒီမိုကရေစီ ဖြစ်ဖို့ / ဖက်ဒရယ်ဖြစ်ဖို့ ဆိုတာမျိုး ပြောမှာ မဟုတ်ပါ။ သို့သော် တရုတ်ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ တရုတ်ရဲ့ အမျိုးသားလုံခြုံရေးကိစ္စမျိုးကိုတော့ ဗဟိုပြု ပြောပါလိမ့်မယ်။

၁။ တရုတ်မှာ နယ်ချဲ့ဉာဉ် အပြည့်ပါတယ်ဆိုတာကို သတိထားမိတယ်။ ဒီလို ပြောလို့ တရုတ်ဟာ အင်္ဂလိပ်လို၊ ဂျပန်လို ဘယ်လိုနိုင်ငံမျိုးကို စစ်တပ်နဲ့ ကျူးကျော် နယ်ချဲ့သလဲလို့ မေးစရာရှိတယ်။ မဟုတ်ပါ။ ဒီဘက်ခေတ်မှာ စစ်တပ်နဲ့ စစ်တိုက်ပြီး ကျူးကျော် နယ်ချဲ့တယ်ဆိုတာကို ကိုလိုနီ အင်္ဂလိပ်တို့ လုပ်ခဲ့သလို မြင်ရဖွယ်ရာ မရှိဘူး။ စစ်တိုက်စရာ မလိုဘဲနဲ့ မိမိတို့ အလိုကျ ခိုင်းစေနိုင်တဲ့ နိုင်ငံရေး လက်တံခြေတံမျိုး တည်ဆောက်နိုင်ရင် ပြီးပြီ။ အခုလည်း တရုတ်ရဲ့ အနေအထားက – နိုင်ငံရေးရော၊ စစ်ရေးရော၊ စီးပွားရေးမှာပါ တော်ကြီး ဩဇာလွှမ်းမိုးနိုင်တဲ့ အခြေအနေရှိတာမို့၊ ကြိုက် တာ မကြိုက်တာ အပထား၊ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စ ဖြစ်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို တတိယနိုင်ငံငယ်လေးအတွင်းမှာ ရှိတဲ့ နိုင်ငံရေးအုပ်စုနဲ့ လက်နက်ကိုင်စစ်အုပ်စုတွေအပေါ်မှာ တရုတ်ရဲ့ လွှမ်းမိုး သက်ရောက်နိုင်မှုအားက အလွန်အင်မတန် ကြီးမားပါတယ်။

၂။ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေက တရုတ်ကို ကြိုက်တာ / မကြိုက်တာ အပထား။ မလွန်ဆန်နိုင်တာ၊ မငြင်းဆန်ဝံ့တာ၊ လိုက်လျောရတာ၊ ညှိညှိနှိုင်းနိုင်း လုပ်ဆောင်ရတာတွေ ရှိတတ်သလောက် ရှိပါတယ်။ စစ်ရေးနဲ့ နိုင်ငံရေးအရ တချို့ အရာတွေမှာ တရုတ်ရဲ့ ကျောထောက်နောက်ခံလိုအပ်ချက်ရှိလို့၊ နိုင်ငံရေးအရ စစ်ရေးအရ အမှီသဟဲပြုထားရတာတွေ ရှိပါတယ်။ ဒါ့အပြင် တရုတ်ကလည်း မြန်မာစစ်တပ်ကိုပဲ ဗဟိုပြု ထောက်ကန်ထားတာမျိုး မဟုတ်ဘဲ၊ မြန်မာစစ်တပ်နဲ့ အပြိုင် ဖြစ်တည်တဲ့ လက်နက်ကိုင်အုပ်စုတွေကို ချိတ်ဆက်လုပ်ဆောင်ရတာတွေ ရှိပါတယ်။ ဒါဟာ လက်တွေ့နိုင်ငံရေးမှာ ဖြစ်နေတဲ့ အပြိုင်သဘောတွေပါ။

၃။ ကိုလိုနီနယ်ချဲ့ သမားတွေ လုပ်တဲ့ အကျင့်အကြံ တစ်ခု ရှိပါတယ်။ အဲဒါကတော့ — မိမိတို့ရဲ့ ကိုလိုနီနယ်တွေကို အစဉ်တစိုက် ဩဇာလွှမ်းမိုးဖို့အတွက် တည်ဆဲ အုပ်ချုပ်ပုံ စနစ်ကို မဖျက်ဘဲ၊ မိမိတို့ ဩဇာခံ / မိမိတို့ သစ္စာခံ နယ်တွေ အဖြစ် တည်ထောင်ပြီး ဂုတ်သွေးစုတ် အမြတ်ထုတ်တာမျိုးကို လုပ်ပါတယ်။ အထူးသဖြင့် ပဒေသရာဇ် အငွေ့အသက် သိပ်ရှိတဲ့ နယ်စား ပယ်စား စော်ဘွား စသည်ဖြင့် – ဒီလို လူတွေကို ပြန်လည် မွေးမြူထားလေ့ရှိပါတယ်။ တစ်ဖက်မှာလည်း သူတို့ အလိုမရှိတဲ့ နယ်ပယ် ဒေသကို ကိုလိုနီအစိုးရဲ့ ဗြူရိုကရေစီနဲ့ အစားထိုး သွတ်သင်းပြီး လွှမ်းမိုး အုပ်ချုပ်တာမျိုး ရှိတယ်။

၄။ ဒီနေရာမှာ — ဒေသခံ ခေါင်းဆောင်ကို အပိုင်ရရင် အုပ်ချုပ်ပုံစနစ်ကို မဖျက်စီးဘဲ မိမိရဲ့ အကျိုးစီးပွားကို ထောက်ပံ့ပေးတဲ့သူ အဖြစ် ထားရှိတဲ့ သဘောထားကို တွေ့နိုင်ပါတယ်။ တရုတ်အနေနဲ့ သူနဲ့ ချိတ်ဆက်ထားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို ဒီမိုကရေစီ ဖြစ်ဖို့ / ဖက်ဒရယ်ဖြစ်ဖို့ ဆိုတာမျိုး ပြောမှာ မဟုတ်ပါ။ သို့သော် တရုတ်ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ တရုတ်ရဲ့ အမျိုးသားလုံခြုံရေးကိစ္စမျိုးကိုတော့ ဗဟိုပြု ပြောပါလိမ့်မယ်။ ထိုနည်းလည်းကောင်း မြန်မာနိုင်ငံထဲမှာ ရှိတဲ့ တရုတ်ရဲ့ စီးပွားရေးစီမံကိန်းတွေနဲ့ ကုန်သွယ်ရေးဝန်းကျင်ကိစ္စ ရပ်တွေကိုတော့ ပြောပါလိမ့်မယ်။ အနောက်နိုင်ငံတွေအပေါ် အမှီသဟဲပြု ရှင်သန်တာမျိုး မဖြစ်စေဖို့တော့ အာရုံထားပါလိမ့်မယ်။

၅။ ဒါ့ကြောင့် — လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေမှာ ဘယ်သို့သော နိုင်ငံရေးစနစ်မျိုးကို အလိုရှိသည် ဖြစ်စေ — တရုတ်ရဲ့ အကျိုးစီးပွားနဲ့ တရုတ်ရဲ့ အမျိုးသားလုံခြုံရေးကို အစဉ်တစိုက် မထိပါးစေအောင် သစ္စာရှိဖို့ကို တရုတ်အနေနဲ့ ဗဟိုပြု လုပ်ဆောင်ပါလိမ့်မယ်။ လူမျိုးစု‌ခေါင်းဆောင်‌တွေ ဘက်က ကြည့်ရင်လည်း အုပ်စိုးသူ ဉာဉ်နဲ့ အထိုင်ပြုပြီး စဉ်းစားတာတွေ ရှိနိုင်တယ်။ အုပ်စိုးသူဉာဉ်ဆိုတာ ဘာလဲ။ အုပ်စိုးသူ ဉာဉ်ဆိုတာ — မိမိတို့ထက် အင်အားကြီးသူက မိမိတို့ကို ဖျက်လို ဖျက်စီး မလုပ်ဘဲ ကူညီထောက်ကန်ပေးတာကို သဘောကျတယ်။ ဒါပေမယ့် သူတို့ အုပ်ချုပ်မယ့် လူတန်းစားအပေါ်မှာ သူတို့ ဆက်လက်ပြီး အုပ်ချုပ်နိုင်မယ်ဆိုရင် — နယ်ချဲ့သမားကိုလည်း မလွန်ဆန် ၊ မငြင်းဆန်ဘဲ အလိုက်အထိုက်နေတာ ရှိနိုင်တယ်။

၆။ တရုတ်က အကင်းပါးပါတယ်။ မြန်မာပြည်တွင်းက လူမျိုးစုလက်နက်ကိုင်အုပ်စုတွေက သူတို့ ဆိုင်ရာ ဆိုင်ရာ ဒေသတွင်း လူထုအပေါ် ဘယ်လို ပြုမူ ဆောင်ရွက်ပါဆိုတဲ့ လမ်းစဉ်နဲ့ နည်းနာအပေါ်မှာ သိပ် အငြင်းမပွားပါဘူး။ ဒါပေမယ့် ဒီမိုကရေစီကို သိပ်သန်လွန်းတာတော့ တရုတ်က မကြိုက်ဘူးလေ။ ဘာလို့လဲဆိုတာ့ အိုင်ဒီယော်လိုဂျီ အထိုင် မတူလို့။ လူမျိုးစုခေါင်းဆောင်တွေက အမျိုးသားရေးဝါဒီတွေ ဖြစ်တာ / နေရှင်နယ်လစ် ဖြစ်တာ လက်ခံတယ်။ ဖက်ဒရယ်လစ် ဖြစ်တာလည်း လက်ခံသေးတယ်။ ဒါပေမယ့် အမေရိကန်စတိုင်လ် ဖက်ဒရယ်တော့ ဟုတ်ချင်မှ ဟုတ်မပေါ့။ တချိန်က စတာလင်မူလို့ ခေါ်တဲ့ ဖက်ဒရယ်ပုံစံမျိုး ဖြစ်ကောင်း ဖြစ်မပေါ့။ တရုတ်ကိုယ်တိုင်ကလည်း — သူ့တိုင်းပြည်အတွင်းက တချို့သော ပြည်နယ်‌တွေနဲ့ ဒေသတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ပေးတာ ရှိတယ်လေ။

၇။ တရုတ်အနေနဲ့ မိမိတို့ အကျိုးစီးပွားနဲ့ မိမိတို့ရဲ့ အမျိုးသား လုံခြုံရေးကို မထိခိုက်ဘူး၊ ကဖျက်ယဖျက်မလုပ်ဘူးဆိုတဲ့ သဘောထားအမြင်ကို သူနဲ့ လက်တွဲထားတဲ့ အုပ်စုတိုင်းဆီက အာမခံချက် လိုချင်ဟန်တူတယ်။ အကြောင်းကတော့ မြန်မာပြည် နိုင်ငံရေးက အာဏာအားပြိုင်မှုတွေနဲ့ ဘက်အားဖြင့် အပြောင်းအလဲတွေ ရှိနေတာ၊ ဘက်တွေ ရောယှက်နေတာတွေကို တရုတ်က အခြေခံမူ တစ်ခုနဲ့ပဲ ဖြတ်ချပြီး စဉ်းစားလုပ်ဆောင်တဲ့ သဘောဖြစ်တယ်။ တရုတ်ရဲ့ အခြေခံမူကတော့ — တရုတ်ရဲ့ အကျိုးစီးပွားနဲ့ တရုတ်ရဲ့ အမျိုးသားလုံခြုံရေးအတွက် ဘယ်အခြေအနေမှာ ဖြစ်ဖြစ် အာမခံချက် ရှိနေစေဖို့ပါ။ ဒါကို စစ်ကောင်စီဘက်ကလည်း ပေးရပါလိမ့်မယ်။ တရုတ်နဲ့ လက်ချိတ်ထားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကလည်း ပေးရပါလိမ့်မယ်။ ဒါက အခြေခံသဘောထား အထိုင်ဖြစ်ပါတယ်။ ကျန်တဲ့ကိစ္စကတော့ ဆက်ညှိကြပေါ့။

၈။ တရုတ်က လက်တွေ့ကျပါတယ်။ တရုတ်က လက်တွေ့ကျကျပဲ လုပ်ပါတယ်။ မူတွေ၊ စံတွေကို စကားဖောင်ဖွဲ့အောင် ပြောမယ့်ကောင် မဟုတ်ပါဘူး။ ရီယယ်လစ်တွေဖြစ်တဲ့ လူမျိုးစု လက်နက်ကိုင်ခေါင်းဆောင်တွေ၊ နေရှင်နယ်လစ်ဖြစ်တဲ့ လူမျိုးစုလက်နက်ကိုင်ခေါင်းဆောင်တွေ၊ ဖက်ဒရယ်လစ်ဖြစ်တဲ့ / ကွန်ဖက်ဒရယ်လစ်ဖြစ်တဲ့ လူမျိုးစု လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ အခြေခံသဘော ညှိနှိုင်းချက် ရှိထားပြီးသားဖြစ်မယ်လို့ ပြောနိုင်ပါတယ်။

မြန်မာပြည် နိုင်ငံရေးအခင်းအကျင်းကတော့ — တရုတ်လက် တရုတ်ခြေကြည့် ဖြစ်လာမယ့်ပုံပါ။ အနောက်နိုင်ငံတွေနဲ့ အမေရိကန်ကတော့ အပြင်စည်းကနေပဲ နေနေရမယ့် သဘောပါ။ ခပ်လှမ်းလှမ်းကနေ ကြည့်ပြီး ကစားကွက်ကို ရှုမြင်သူနဲ့ အတွင်းစည်းက ဝင်ကစားနိုင်တဲ့သူ အကြား ဩဇာလွှမ်းမိုးမှု အခြေအနေကတော့ အတော်ကြီး ကွာပါတယ်။

မင်းသေ့

ညနေ ၅း၀၈

၁၊ ဇွန်၊ ၂၀၂၃။