တောင်ငူ လေကြောင်းရန်ကာကွယ်ရေးတပ်က ဒု-ဗိုလ်မှူးကြီးတဦး ပစ်ခတ်ခံရပြီးသေဆုံး

ဇွန်၊ ၁
 
ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် စစ်ကောင်စီတပ်တွေက လေကြောင်းရန်ကာကွယ်ရေးတပ် ၁၀၁၅ က ဒုဗိုလ်မှူးကြီး ရဲနိုင် ပစ်ခတ်ခံရလို့ သေဆုံးပြီးနောက် စစ်တပ်က တောင်ငူနဲ့ ရေတာရှည်မြို့ အဝင်၊ အထွက်တွေကို ပိတ်ဆို့ရှာဖွေတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
 
” တောင်ငူဘက်မှာ တော်တော်ကို စစ်နေတာ၊ အမြန်လမ်းဘက်တွေရော၊ မြို့အဝင်အထွက်တွေရော၊ စစ်တောင်းဘက်တွေရော အကုန်လုံးကို အင်အားအလုံးအရင်းနဲ့ကို စစ်နေတာ၊ နောက် သူက (ဒုဗိုလ်မှူးကြီး ရဲနိုင်) သူ့တပ်စည်းရုံးရေးနယ်မြေရဲ့ ထောက်လှမ်းရေး အကြီးအကဲလည်း ဖြစ်တော့ သူ့ဆီမှာက တပ်ပိုင်းဆိုင်ရာ အရေးကြီးကိစ္စတွေလည်း ရှိနေမှာပေါ့၊ အဲ့ဒါကြောင့် သဲကြီးမဲကြီးကို ရှာနေကြတာ ” လို့ တောင်ငူမြို့နေ ဒေသခံတဦးက ပြောပါတယ်။
 
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့သစ်မှာ အခြေစိုက်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် ၁၀၁၅ က ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဟာ မနေ့ကညနေပိုင်းက တပ်စည်းရုံးရေးနယ်မြေတွေကို ကွင်းဆင်းထောက်လှမ်းဖို့အတွက် ဆိုင်ကယ်နဲ့ ထွက်လာချိန် အမြန်လမ်း ၁၅၄ မိုင် ၈ ဖာလုံအရောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဖုန်းနဲ့ ဆိုင်ကယ်ကို သိမ်းဆည်းခဲ့တယ်လို့ ပဲခူးတိုင်း PDF က ဒီကနေ့ထုတ်ပြန်ထားပါတယ်။
 
အဲ့ဒီပစ်ခတ်မှုကို ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၃၅၀၁ တပ်ခွဲ ၆ က လုပ်ဆောင်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။
 
” ပကဖတွေက သူ့ကို ရှင်းဖို့စီစဥ်နေတာ ရှိတာ သူလည်းသိလောက်တယ်။ သူ့ရဲ့သတင်းပေးတွေကလည်း သူ့ကိုတော့ သတင်းပေးမှာပါ၊ သူက သွားနေလာနေကျဖြစ်တော့ သတိမထားတာပေါ့၊ သူဖြစ်တာ ၁၅၄ မိုင်၊ ၁၅၈ မိုင်မှာ စစ်ဆေးရေးဂိတ်ရှိတယ်၊ ဒီတောင်ငူတို့ ရေတာရှည်တို့မှာလည်း စစ်ဆေးဂိတ်တွေက အများကြီးပဲ၊ အခုတောင် အစစ်အဆေးက အရမ်းကြမ်းနေတာ၊ ရှာနေတာလည်း အသဲအသန်ပဲ၊ ကျွန်တော်တို့ဆိုရင် အိမ်က ကလေးတွေကို အပြင်တောင် မထွက်ခိုင်းဘူး ” လို့ ရေတာရှည်မြို့နယ် ဒေသခံတဦးကလည်း ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ် ကို DNA သတင်းဌာနက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။ 
ဓာတ်ပုံ – Bago Region PDF